ကျွန်တော် သူ့ကို စတွေ့တုန်းက သာမန်လူတစ်ယောက်ဟု ထင်မိသည်။ သူ့မှာ အပြင်ထွက်လျှင် ကိုယ်ရံတော် မရှိ။ သူ့မှာ မန်နေဂျာ မရှိ။ သူ့မှာ ဝင်ငွေများများစားစား မရှိ။ မီတာခ အချိန်မီမပေးနိုင်၍ သူ့အခန်းလေး မီးဖြတ်ခံ ရသည်။ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုး အလုပ်ကိုလုပ်နေသည်။ ရင်ဘတ်ချင်း ပေါင်းနေသည့် သူငယ်ချင်းတစ်ယောက် ရှိသည်။ ချစ်သူတစ်ယောက် ရှိသည်။
ဒီလိုနှင့် သူ့အကြာင်းကို တဖြည်းဖြည်း သိလာသည်။ သူသည် အသက် ၃၀ နားကပ် နေသည့် နာမည်ကျော် သီချင်းရေးဆရာ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူ တစ်ယောက် ဖြစ်နေသည်။ သူသည် ဘရော့ဝေး ပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေသူ တစ်ယောက် ဖြစ်နေသည်။ သူသည် ရှစ်နှစ်တိတိ သီချင်းများကို ကြိုးစားပန်းစားရေးနေသူ တစ်ယောက် ဖြစ်သည်။ သူသည် သူ၏အိပ်မက်များကို အကောင်အထည်ဖော်နေသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့ကို သာမန်လူတစ်ယောက်ဟု ကျွန်တော် မထင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် နေ့စဉ်ဘဝထဲ လှုပ်ရှားရုန်းကန်ရင်း အိပ်မက်များ ရည်မှန်းချက်များဖြင့် ရှင်သန်နေသူတစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။
ရှစ်နှစ်တာကာလအချိန်သည် အများအမြင်တွင် ကြာသည်ဟု ထင်ရသော်လည်း သူ့အတွက်မူ တိုတောင်းလှသည်။ သူသည် သူ့တွင် အချိန်မလောက်ဟု မကြာခဏဆိုသလို သူ့အခန်းဖော်သူငယ်ချင်းကို ငြီး၍ နေသည်။ မကြာမီအချိန်တွင် သူ့အခန်းဖော်သည် အခြားအလုပ်တစ်ခုသို့ ပြောင်းသွားသည်။ အခြားတစ်နေရာသို့ အခန်းပြောင်းသွားသည်။ ထို့ကြောင့် အခန်းကျဉ်းလေးထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ တစ်ခါတလေကျလျှင် သူ့ချစ်သူသည် သူနှင့်အတူ လာနေသည်။ သူသည် စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်ကို လုပ်နေရင်းနှင့်ပင် သီချင်း စပ်နေတတ်သည်။ သူမြင်သမျှအရာများကို လည်း သီချင်း စပ်ပြီး ဆိုတတ်သည်။
သူ့တွင် ဝင်ငွေနည်းပါးနေသဖြင့် သူ့သူငယ်ချင်းဖြစ်သူက အလုပ်စပ်ပေးသော်လည်း သူနှင့် ဘယ်လိုမှ အဆင်မပြေသဖြင့် အလုပ်မရခဲ့ပေ။ သူ့အတွေးထဲတွင် သီချင်း အကြောင်းများသာ ရှိသည်။ သူ့ခန္ဓာကိုယ်ထဲ တွင် သီချင်းများသာ စိမ့်ဝင်ကာ လှည့်ပတ် သွားလာနေသည်။ သူ့ကို သီချင်းများက ပူးကပ်ထားသဖြင့် စကားပြောလျှင်တောင် သီချင်းဆိုပြီး ပြောနေသည်။ သူ့ကို သူ့ချစ်သူက အချိန်ကြာလာသည့်အခါ စိတ်ကုန်သွားသည်။ သူသည် သီချင်းများကိုသာ အာရုံစိုက်ပြီး သူ့ချစ်သူကို အချိန်မပေးတော့သောကြောင့် ဖြစ်မည်ထင်သည်။ သူတို့နှစ်ယောက် အေးအေးချမ်းချမ်းနှင့် လမ်းခွဲလိုက်ကြသည်။
သူသည် ဘရော့ဝေးဇာတ်ရုံမှာ ဖျော်ဖြေရဖို့ သီချင်းများကို ကြိုးစားပန်းစားရေးနေ ပါသည်။ အခန်းကျဉ်းလေးထဲတွင် သူတစ်ယောက်တည်း ဖြစ်ပါသည်။ ထို့အပြင် အခန်းတစ်ခုလုံးလည်း ရှုပ်ပွ၍နေပါသည်။ နေ့ရက်များကို တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်ရင်း သူရေးထားသည့်သီချင်းများကို ထုတ်ဝေသူများအား ပြသဖို့အချိန်သည် ရောက်ရှိ၍လာပြီ ဖြစ်ပါသည်။ သူ့ချစ်သူကို ထိုနေ့တွင် လာရန် ဖုန်းဆက်သည်။ သူ့ချစ်သူ၏ သူငယ်ချင်းက ဖုန်းကိုင်သည်။ ပြီးသည့်အခါ သူ့ကို သူ့ ချစ်သူက ဖုန်းမပြောချင်ပါဟု ပြောလေသည်။ သူ၏ မျက်နှာသည် ညှိုးငယ်၍သွားသည်။
သူ့ရင်က ခုန်နေသည်။ ထိုနေ့တွင် သူ့မိဘနှစ်ပါးလည်း လာသည်။ သူ့သူငယ်ချင်းလည်း လာသည်။ ထုတ်ဝေသူများလည်း လာသည်။ သူသည် နောက်ဆုံးခုံမှာ ထိုင်ပြီး သူရေးထားသည့် သီချင်းများအား သီဆိုနေကြသည်ကို နားထောင်၍နေသည်။ သီချင်းများ ကို တစ်ပုဒ်ပြီး တစ်ပုဒ် သီဆို၍နေသည်။ လက်ခုပ်သံပေါင်း မြောက်မြားစွာဖြင့် ပြီးဆုံးသွားသည်။ ထို့နောက် သူ့အခန်းသို့ ပြန်လာခဲ့လေသည်။ နောက်တစ်နေ့တွင် ဖုန်းတစ်ကော ဝင်လာသည်။ သူ မျှော်နေသည့် ဖုန်းတစ်ကော ဖြစ်သည်။ “လူတိုင်းက ငါ့ကို ဒါပဲ ပြောနေတာ။ သူ ဘာထပ်ရေးမလဲ နားထောင်ချင် လှပြီတဲ့”၊ “ငါ မင်းကို အမြဲပြောပါတယ်။ ဒါက အရွေးခံရဖို့ ခက်တယ်လို့”၊ “နောက်တစ်ပုဒ် ထပ်ရေးပေါ့။ နောက်တစ်ပုဒ်ပြီးရင် နောက်တစ်ပုဒ် နောက်တစ်ပုဒ်။ ထပ်ပြီး ထပ်ပြီးရေး သီချင်းရေးဆရာဆိုတာ ဒါပဲ ကောင်လေး။ ထပ်ပြီး ထပ်ပြီး မျှော်လင့်နေ တစ်ခုခုပေါက် သွားပါစေလို့”ဟု ပြောပြီး ဖုန်းချသွားသည်။
သူသည် သူ့သူငယ်ချင်းဆီသို့သွားပြီး အလုပ်တစ်ခုတောင်းသည်။ သူ ရှစ်နှစ်ကြာ ကြိုးစားထားသမျှသည် အရာမထင်ကြောင်း ပြောသည်။ သူ အကြီးအကျယ် ပေါက်ကွဲသွားသည်။ သူ မဟားတရား စိတ်ဓာတ်ကျသွား သည်။ သူ့အသက် ၃၀ ပြည့်မွေးနေ့ ရောက်လာသည်။ ထိုအချိန်တွင် သူ့ချစ်သူသည် ဂီတ သင်္ကေတများပါသည့် စာအုပ်တစ်အုပ်ကို မွေးနေ့လက်ဆောင် လာပေးသည်။ ပြီးသည့်အခါ သူ့ချစ်သူသည် နောက်တစ်ပုဒ်အတွက်ပါဟု ပြောပြီး သူ့ကိုဖက်ကာနှုတ်ဆက်ပြီး ကျောခိုင်းထွက်ခွာသွားသည်။ ထိုအခိုက်အ တန့်သည် သူ့အတွက် နာကျင်ဖွယ်ရာ ဖြစ်သလို သူ့မျက်ဝန်းထဲတွင်လည်း မျက်ရည်များဖြင့် ပြည့်လျှံ၍နေသည်။
သူရေးသည့် နောက်သီချင်းတစ်ပုဒ် သည် tick,tick,……….Boom! ဖြစ်သည်။ ယင်းနောက် သူ စခဲ့ပြီးမှ ဖယ်ထားသော Rent ဆိုသည့် ပြဇာတ်သီချင်းကို ပြန်ရေးသည်။ သူ့သီချင်းများ ပေါက်သွားပြီ ဖြစ်သည်။ သို့ သော် သူသည် သူ့သီချင်းများ ဖျော်ဖြေနေကြသည်ကို တွေ့ခွင့်မရလိုက်ပါ။ Rrnt ဖျော်ဖြေပွဲစဖို့ တစ်ညအလိုမှာ သူ သေဆုံးသွားခဲ့သောကြောင့် ဖြစ်ပါသည်။ ရုတ်တရက် နှလုံးသွေးကြောပေါက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ သေဆုံးချိန်တွင် သူ့အသက်သည် ၃၅ နှစ် ရှိပြီဖြစ်သည်။ သူသည် တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန်တေးရေးဆရာ ဂျိုနသန်လာဆန်ပင် ဖြစ်ပါသည်။ သူ့နာမည်သည် ကမ္ဘာမြေကြီးပေါ်မှာ ယနေ့ထိ ရှင်သန်ဆဲပင် ဖြစ်သည်။ သူသည် သူလျှောက်နေသော လမ်းများပေါ်မှ သွေဖယ်မသွားဘဲ ဇွဲကောင်း ကောင်းဖြင့် ဆက်လျှောက်ခဲ့သောကြောင့် သူနာမည်ကျော်ရခြင်းဖြစ်သည်ဟု ကျွန်တော် မှတ်ချက်ပြုမိပါသည်။
ကျွန်တော်သည် နေ့ရက်များကို ဆရာလူဇော်သစ်၏ “ရန်ကုန်မှာ နေထိုင်ခြင်း” ကဗျာထဲကလို ဖြတ်သန်းနေပါသည်။ ကျွန်တော်၏ ရည်မှန်းချက်ပန်းတိုင်များသည် ဝေ၀ါးသွားပြီဖြစ်ပါသည်။ ကြိုးစားထားသမျှ သည် အလဲလဲအပြိုပြို ဖြစ်သွားပါသည်။ နေ့တိုင်းလိုလိုလည်း ကြောင်ပျောက်နေပါသည်။ ထို့အပြင် ကျွန်တော့်စိတ်ထဲမှာလည်း အလိုလို ပေါက်ကွဲနေပါသည်။ ကျွန်တော်သည် ကျွန်တော်လျှောက်နေသည့် လမ်းများပေါ်ကနေဆင်းကာ တောရောက်လိုက် တောင်ရောက်လိုက် ဖြစ်နေသည်မှာ အချိန်ကာလ အားဖြင့် ကြာမြင့်နေပြီ ဖြစ်ပါသည်။
ကျွန်တော်၏ LCCI သင်ခန်းစာ စာအုပ်လေးသည် ဖုန်းအလိမ်းလိမ်း တက်နေပါသည်။ တစ်ည ကျွန်တော်အိပ်နေသည့်အချိန် ဝုန်းဆိုသည့် အသံကြောင့် အသံလာရာဆီသို့ ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည့်အခါ LCCI သင်ခန်းစာ စာအုပ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်သည် ခြင် ထောင်ထဲကထွက်ပြီး ပြန်ကောက်တင်၍ ရပါသော်လည်း စိတ်မပါခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် မသိသလိုပင် နေလိုက်ပါ သည်။
ကျွန်တော် ရုံးတက်ခဲ့ချိန်တုန်းက လွယ်ခဲ့သည့် လွယ်အိတ်ထဲတွင် CV Form များသည် ဖုန်အလိမ်းလိမ်းဖြင့် ရှိနေပါသည်။ ကျွန်တော့်ပိုက်ဆံအိတ်ထဲတွင် ဗလာနတ္ထိပင် ဖြစ်ပါသည်။ ကျွန်တော့် ATM ကတ်ထဲတွင် လက်ကျန်ငွေ တစ်ထောင်သာ ရှိပါသည်။ ဆရာနေမျိုး၏ “လက်ထဲမှာ ပိုက်ဆံပြတ်တဲ့ အခါ”ကဗျာကို ကျွန်တော် ဖတ်ရှုပြီးပြီ ဖြစ်ပါ သည်။ လေတိုက်ခတ်လိုက်သဖြင့် ဗာဒံပင်မှ ဗာဒံရွက်များ လှုပ်ခတ်သွားပါသည်။ ကွန်ကရစ်လမ်းမပေါ်က ဖုန်းများ အမှိုက်သရိုက်များ လေထဲ ဝဲပျံသွားပါသည်။ ကျွန်တော်၏ တက်ကြွခဲ့ဖူးသည့် စိတ်ဓာတ်များသည် လေထဲပါ သွားပါသည်။ ကျွန်တော် လိုက်ဖမ်းဆုပ်၍ မရသေးပါ။ ကျွန်တော့် အနားတွင် မဖတ်ရသေးသည့် စာအုပ်များသည် အပုံလိုက်ပင် ဖြစ်သည်။
နေ့ရက်များသည် ကဆုန်ပေါက်ပြေးလွှားနေပါသည်။ မိုးရွာသည်။ နေပူသည်။ အေးသည်။ ကျွန်တော်သည် ကျွန်တော် လျှောက်နေသည့် လမ်းများ၏ ဘေးမှာ ထိုင်နေပါသည်။ ကျွန်တော်သည် ကျွန်တော် လျှောက်နေသည့် လမ်းများပေါ်သို့ ပြန်တက်ဖို့ အားယူနေပါသည်။ ကျွန်တော်သည် ဂျိုနသန်လာဆန်ကို တစ်ချက်ရှိုးလိုက်သည်။ သူသည် သူ၏ အခန်းကျဉ်းလေးထဲတွင် သီချင်းများကို သီဆိုနေပါသည်။ သူသည် ကျွန်တော့်ကို ပြုံးပြီး ကြည့်နေပါသည်။ ကျွန်တော် အားတက်သွားသည်။ ကျွန်တော် လျှောက်ခဲ့ဖူးသည့် လမ်းများပေါ်သို့ ပြန်တက်လိုက်သည်။ ပြီးနောက် ကျွန်တော်သည် စတင်လျှောက်လှမ်းပြီပင် ဖြစ်ပါသည်။
“လမ်းဆိုတာ လျှောက်ရမှာပဲ မဟုတ်လား။ လမ်းကြမ်းပဲဖြစ်ဖြစ်။ လမ်းကောင်းပဲ ဖြစ်ဖြစ်။ နေ့ရက်များကို ဖြတ်သန်းရင်းနဲ့ပေါ့”။
ရည်ညွှန်း- tick tick Boom Movie










