မဲခေါင်မြစ်ပေါ်က ဆည်ပြိုင်ပွဲ

မဲခေါင်မြစ်ပေါ်က ဆည်ပြိုင်ပွဲ
Published 3 December 2021
မိုးဧအောင်

ကမ္ဘာပေါ်တွင် ဒွာဒသမမြောက်၊ အာရှတိုက်တွင် ဆဋ္ဌမမြောက် အရှည်ဆုံးဖြစ်သော မဲခေါင်မြစ်သည် အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသကို ဖြတ်သန်းသွားသည်။ အလျား ၂,၇၀၃ မိုင် (၄,၉၀၉ ကီလိုမီတာ) ရှိပြီး အထက်မှအောက်သို့ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းနေသည်။ ဤမြစ်ဝှမ်းဒေသကို အခြေပြုကာ အသက်မွေး ဝမ်းကျောင်းပြုနေရသော လူဦးရေမှာ သန်း ၆၀ ကျော်ရှိသည်။

မဲခေါင်မြစ်၏ တည်ရှိနေပုံအရ မြစ်ညာပိုင်းတွင် တရုတ်နှင့်မြန်မာတို့ ရှိပြီးမြစ်အောက်ပိုင်းတွင် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ရှိသည်။ လွန်ခဲ့သော ၂၅ နှစ်က မြစ်အောက်ပိုင်း လေးနိုင်ငံတို့ပေါင်း စည်းကာ မဲခေါင်မြစ်ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ မြစ်ဝှမ်းဒေသတွင်း လေးနိုင်ငံအကြား အပြန်အလှန်ပူးပေါင်းလျက် ဖွံ့ဖြိုးတိုးတက်မှု ရယူနိုင်ရန်၊ သဘာဝဝန်းကျင်နှင့် အသက်မွေးမှုအပေါ် ထိခိုက်လာနိုင်ခြေများလျှော့ချနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။

ယခုအခါ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကျပ်အတည်းများသည် ကမ္ဘာအနှံ့ ပေါ်ပေါက်လျက်ရှိသည်။ မဲခေါင်မြစ်သည် သမိုင်းမှတ်တမ်းများအရ တတိယမြောက်နှစ် အဖြစ် မြစ်ရေမှတ်ကျဆင်းခြင်းကို ကြုံတွေ့ နေရ၏။ တစ်ဖန် မြစ်ကြောင်းတစ်လျှောက် မကြုံစဖူး ရေလွှမ်းမိုးခြင်း၊ ရေကြီးခြင်းများ ကလည်း အကြိမ်ရေခပ်စိပ်စိပ် ဖြစ်လာသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ပိုမို၍ ရေမြုပ်လာပြီး အကျယ်အဝန်းဧရိယာ ကြုံ့လာသည်။ မြစ်ကမ်းပါးများ ရေတိုက်စားခံရသည့်အတွက် အိမ်များ၊ လမ်းများနှင့် တံတားများပါ ပျက်စီးနေရသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ တွန်လဲဆပ်ရှိ တံငါ သည်များမှာ ဖမ်းဆီးရရှိသော ငါးအရေအတွက် လျော့ကျသွားသည့်အတွက် စိတ်ပျက် နေကြသည်။ ဗီယက်နမ်ရှိ လယ်သမားများမှာလည်း အတွင်းပိုင်းလယ်များအထိ ဆားငန်ရေဝင်သောပြဿနာ၊ စပါးနှင့် သစ်သီးဝလံ ခြံများတွင် အဆိပ်သင့်သောပြဿနာတို့ကို ထိုင်ကြည့်နေကြရသည်။ ဤဖြစ်ရပ်တို့မှာ မဲခေါင်မြစ်ဝှမ်း၌ ကြုံတွေ့နေရသည့် ပကတိ အရှိတရားများ ဖြစ်သည်။ ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ နိုင်ငံတကာ အစိုးရများအဖွဲ့ (Intergovernmental Panel on Climate Change-IPCC) ၏ အဆိုအရ ပိုဆိုးဖွယ်ရာ အလားအလာများက ပြည့်နှက်နေပါသည်။

မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဒူပေနာပေခံနိုင်ရန် ထိရောက်သော အဖြေရှာဖွေနိုင်ရေးမှာ အရေး ကြီးလိုအပ်ချက်ဖြစ်ကြောင်း ထင်ရှားလာ၏။ ထွက်ပေါ်လာမည့်အဖြေများသည် မြစ်ကြီး ကိုမှီခိုကာ ပရိယေသနဝမ်းစာ ရှာဖွေစား သောက်နေရသော လူမှုအဝန်းအဝိုင်း အားလုံးကို ပြေလည်စေသည်သာမက ပြောင်းလဲသွားသော ရာသီဥတုအခြေအနေနှင့်လည်း လိုက်လျောညီထွေရှိရပါမည်။ အထူးသဖြင့် မဲခေါင်ဒေသ၏ အမျိုးသမီးတံငါသည်များ အပါအဝင် ဆင်းရဲသားများနှင့် လူတန်းစေ့အောင် ကျားကန်နေရသူများအတွက်လည်း စဉ်းစားပေးရမည်။ သူတို့သည် ဒေသန္တရ စီးပွားရေးအတွက် အဓိကသယ်ပိုးသူများ ဖြစ်ကြပြီး ဒေသတွင်း ရေနှင့် ရေသယံဇာတကို စီမံခန့်ခွဲရာ၌ ဤအချက်ကို မဖြစ်မနေ ထည့် သွင်းစဉ်းစားရပါမည်။

အကယ်၍ ထုတ်ထားသောအဖြေများသည် ကြုံရာကျပန်း စီမံချက်ရေးကာ စီးပွား ရေးအခြေခံအဆောက်အအုံများကို ဖြစ်ကတတ်ဆန်း “ဆွဲစေ့”ပါက မဲခေါင်မြစ်၏ ကျန်းမာရေးကို “ဆေးအတွက်လေး”စေပါလိမ့်မည်။ မြစ်ဝကျွန်းပေါ်မှာလည်း စိုးရိမ်ဖွယ်အတိနှင့် မြစ်ကိုအမှီပြုလျက် သောက်ရေ၊ ဆည်ရေ၊ ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း အစုစု ပြုနေကြရသော လူသန်းပေါင်းများစွာ ၏ အနာဂတ်ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။

လွန်ခဲ့သောလက ဂလက်စဂိုးမြို့တွင် ကျင်းပခဲ့သည့် ရာသီဥတုဆိုင်ရာ COP26 တွင် ကမ္ဘောဒီးယားနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်ဆောက်လုပ်မည် မဟုတ်ဟု ကတိကဝတ်ပြုခဲ့၏။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော ၂၈ ကြိမ် မြောက် မဲခေါင်မြစ်ကော်မရှင် (Mekong River Commission-MRC) အစည်းအဝေး၌ စီမံချက်ရေးဆွဲထားပြီးသား ရေအားလျှပ်စစ်ထုတ်လုပ်မည့်ဆည်များကို လုပ်ငန်းရပ်တန့်ရန် အရေးပါသောခြေလှမ်းတစ်ရပ် မလှမ်းနိုင်ခဲ့ပါ။ လူသန်းပေါင်းများစွာ၏ ရိက္ခာဖူလုံမှု၊ စိုက်ပျိုးမြေတို့၏ ထုတ်လုပ်နိုင်စွမ်း၊ငါးလုပ်ငန်း၊ဇီဝမျိုးစုံကြွယ်ဝမှုနှင့် မြစ်ဝကျွန်းပေါ်ဒေသ ရာသီဒဏ်ခံနိုင်မှုတို့အတွက် ထိ ခိုက်နိုင်ခြေရှိကြောင်း သိပ္ပံနည်းကျ အထောက်အထားများ ပြသနိုင်သည့်တိုင် ဆည်ဆောက်လုပ်မှုများကို ကော်မရှင်က ပြတ်ပြတ် သားသား မကန့်ကွက်နိုင်ခဲ့ပါ။

ထိုသို့ကန့်ကွက်ရမည့်အစား MRCသည် အငြင်းပွားဖွယ်ရာ ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်နှစ်ခုဖြစ်သော ဇေယျာဘူရီနှင့် ဒွန်စဟောင်းတို့ကို သဘာဝဝန်းကျင်ပူးတွဲစူးစမ်းလေ့လာချက် (Joint Environmental Monitoring-JEM) မပြုလုပ်ရသေးမီ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အတည်ပြုပေးခဲ့သည်။ လမ်းကြောင်းမှန်မှာ ကနဦးအနေနှင့် JEMကို ပြည့်စုံစွာလေ့လာပြီးမှသာ တွေ့ရှိချက်များကို အခြေပြု လျက်ဆည်အသစ်များ လုပ်ငန်းဆက်သင့် မဆက်သင့် အတည်ပြုရမည့် လုပ်ငန်းစဉ်ဖြစ်၏။

မဲခေါင်မြစ်နှင့်ပတ်သက်သော ထိရောက်သည့် ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အချက်ပေးခေါင်း လောင်းသံတို့ ဆူဆူညံညံမြည်ဟည်းခဲ့ချိန် ကြာပါပြီ။ ထို့ကြောင့် လွန်ခဲ့သောသီတင်းပတ် MRC အစည်းအဝေး၌ မြင်တွေ့ကြားသိခဲ့ရသည်ကို အခြေခံကာ ကမ္ဘာ့သဘာဝထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (The World Wide Fund for Nature-WWF) က တုံ့ပြန်မှုပြုခဲ့သည်။ မဲခေါင်မြစ်နှင့် ထိုမြစ်ကြီးအပေါ်အမှီပြုနေရသော လူ့အသိုင်းအဝိုင်းအတွက် အကောင်းဆုံးဆောင်ရွက်ပေးရမည့် အရေးပေါ်လုပ်ငန်းစဉ်များ ကွယ်ပျောက်နေမှုကို ထောက်ပြခဲ့၏။

ကမ္ဘာကြီး၏ အခြားသောဒေသများနည်းတူ မဲခေါင်မြစ်ဝှမ်းဒေသသည် ရာသီဥတုအပြောင်းအလဲကြောင့် မြစ်ရေထိခိုက်ခြင်းမှ အစပြုလျက် စားနပ်ရိက္ခာမလုံလောက်ခြင်း၊လူမှုအဝန်းအဝိုင်း၏ အသက်မွေးဝမ်းကျောင်းမှု ထိခိုက်ခြင်းတို့ကို အကျိုးဆက်အဖြစ် ခံစားနေကြရသည်။ ထို့ကြောင့် မဲခေါင်မြစ်၏စနစ်များ ကြံ့ခိုင်သန်စွမ်းလာစေရေးမှာ MRC ၏ အဓိကတာဝန်ဖြစ်သကဲ့သို့ ဒဏ်ခံ နိုင်မှုအတွက်လည်း လိုက်လျောညီထွေ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မလွဲမသွေ လိုအပ်သည်။

မဲခေါင်မြစ်နှင့်ပတ်သက်သော စိန်ခေါ်ချက်များသည် အလွန်ပင်ရှုပ်ထွေးလှပြီး ထိုပြဿနာများကို ဖြေရှင်းရာတွင် ဖြစ်တည်နေသည့် အရှိတရားများအပေါ် ချိန်ဆသုံးသပ်သွားနိုင်ရန် လိုအပ်သည်။ ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းများ (Civil society Organizations-CSOs) အပါအဝင် ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ အကြံဉာဏ်များကို ပူးပေါင်းရယူနိုင်ရမည်။ ယခုသီတင်းပတ်အတွင်း မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်မည့် စာနာခမ် ရေအားလျှပ်စစ် ဆည်စီမံကိန်းအတွက် အကြံပြုဆွေးနွေးရာတွင် CSO များကို ဖိတ်ကြားခဲ့သော်လည်း ဆည်စီမံကိန်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ချက်က ချမှတ်ပြီးဖြစ်နေသည်။

နောက်ထပ်ဥပမာပေးရလျှင် MRC ၌ အချေအတင်ဆွေးနွေးနေကျဖြစ်သည့် ဆင်များ၊ မဲခေါင်မြစ်အတွင်း ကျက်စားနေသော ငါးခူကြီးများကိစ္စဖြစ်သည်။အစည်းအဝေး စပြီဆိုသည်နှင့် ရေအားလျှပ်စစ်ဆည်များကို မည်သည့်အချိန်တွင် မည်သို့ဆောက်လိုက်မည်က အစပြုသည်။ လူသားတို့အတွက် လိုအပ်သောစွမ်းအင်နှင့် သဘာဝ၏ ရှင်သန်ဆဲရင်းမြစ်တို့ကို အကောင်းဆုံးပေါင်းစပ်မှု ပြုနိုင်ရန် တစ်ကြိမ်တစ်ခါမှ မဆွေးနွေးခဲ့ကြပါ။

လက်ရှိတည်ဆောက်ပြီးဆည်များ၏ ကောင်းကျိုးဆိုးပြစ်တို့ကို သိပ္ပံနည်းကျ သက် သေအထောက်အထားနှင့်တကွ ရှင်းရှင်း လင်းလင်း မြင်သာပါ၏။ ထို့ကြောင့် အနာဂတ်တွင် စီမံချက်ချကာ ထပ်မံတည်ဆောက် ကြမည့်ဆည်များအတွက် ပို၍ပင်မြင်သာ ထင်သာရှိပါ၏။ MRC အနေနှင့်မြစ်ကြောင်း တစ်လျှောက် ရေရှည်ဒဏ်ခံနိုင်ရေးကို အလေးပေးစဉ်းစားရန် ပျက်ကွက်နေသည်။ သို့ဖြစ်၍ မဲခေါင်မြစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများနှင့်စီးပွားရေးအခြေခံတို့မှာ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာခြင်းတည်းဟူသော ရာသီဥတုပြောင်းလဲမှု ဒဏ်ကို အဆီးအတားမရှိ ခံစားကြရတော့မည်ဖြစ်သည်။

စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာထိပ်သီးအစည်းအဝေး တွင် အစားအစာထုတ်လုပ်ရေးနှင့် ငါးသယံ ဇာတအတွက် ရေကောင်းရေသန့် အရင်းအမြစ်များ အရေးကြီးပုံကို ထောက်ပြခဲ့၏။ ကမ္ဘာလုံးဆိုင်ရာ သဘာဝဝန်းကျင်ကွန်ဖရင့်က ဇီဝမျိုးစုံထိန်းသိမ်းရေးနှင့် သဘာဝ၌ ရင်း နှီးမြှုပ်နှံခြင်းက ရာသီဥတုအကျပ်အတည်း အတွက် အဖြေဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

မဲခေါင်မြစ်ကောင်စီအနေနှင့် မိမိတို့မြစ်ကြီးက ပြောကြားနေသည့် အချက်အလက်များကို မကြားမသိသည်လား၊ ကြားသိပါ လျက်နှင့် ပြင်ဆင်လိုသော ဆန္ဒခေါင်းပါးသည်လားဟု မေးခွန်းထုတ်ရပါတော့မည်။ ကမ္ဘာလုံးဆိုင်ရာ အတွေးအမြင်များဖြစ်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝပေါင်းဖြည့် စားနပ်ရိက္ခာစနစ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစသည့်အချက်များနှင့် ဝေးသည်ထက်ဝေးနေပါသည်။

ဗီယက်နမ် သဘာဝနှင့် ပတ်ဝန်းကျင်ရေးရာ ဒုဝန်ကြီး၊ ဗီယက်နမ်အမျိုးသား မဲခေါင်ကော်မတီ ဒုဥက္ကဋ္ဌ လီကွန်သန်းက ဂေဟဗေဒကို ထိခိုက်မှုများလျှော့ချရန်နှင့် ထိုကိစ္စအတွက် လိုအပ်သည့်ရံပုံငွေများ တိုး မြှင့်ရှာဖွေနိုင်ရေးကို ပြောကြားခဲ့၏။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ မြေဆီလွှာဆုံးရှုံးခြင်း၊ အထက်ပိုင်းတွင် ဆည်တည်ဆောက် လိုက်သဖြင့် နုန်းအနည်အနှစ်ပို့ချမှုများပြား ခြင်း၊ သောင်တူးခြင်းကိစ္စများကို အလေးပေး တင်ပြခဲ့သည်။ ထိုသို့တင်ပြသည့်တိုင် အခြားမည်သည့် နိုင်ငံကမျှ ဤအရေးကို မဆွေးနွေးခဲ့သလို ဖြစ်သင့်သည့်အဖြေလည်း တစ်ခုမှမပေးခဲ့ကြပါ။

MRC အနေနှင့် မဲခေါင်မြစ်နှင့် မြစ်ကို အမှီပြုနေရသော ပြည်သူလူထုအတွက် အကောင်းဆုံး ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံဉာဏ်ပေးရန် တာဝန်ရှိသည်။ အတိတ် ကာလ နှစ် ၂၀ လုံးလုံး သိပ္ပံနည်းကျ ခိုင်မာသောအထောက်အထားများ လက်ဝယ်ရှိပြီးဖြစ်၏။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယခင် သီတင်းပတ်က အစည်းအဝေးတွင် ထိုတာဝန်ကို မည်သည့်ပုံစံနှင့်မျှ မထမ်းဆောင်ခဲ့ဘဲ မဲခေါင်မြစ်နှင့် သူ့အပေါ်မှီခိုသူများအတွက် စာနာရာမရောက်သော ဆည်စီမံကိန်းများ ခရီးဆက်မည့် ခြေလှမ်းမျိုးကို မြင်တွေ့ခဲ့ရသည်။

ကျွန်ုပ်တို့သည် “ရေဆိုတာ သဘာဝက ပေးထားတဲ့ ရှင်သန်မောင်းနှင်ခြင်းစွမ်းအား”ဆိုသော လီယိုနာဒိုဒါဗင်ချီ၏စကားကို အမှတ်ရဖို့ လိုပါသည်။ နှစ်ဆယ်ရာစု၏ အင်္ဂလိပ်ကဗျာကဝိ ဒဗလျူ အိပ်ချ်အော်ဒင်ကလည်း “ထောင်ချီသောသူတို့ အချစ်မရှိဘဲ နေကြသည့်တိုင်၊ ရေမရှိဘဲ မည်သူမှမနေနိုင်”ဟု ဖွဲ့ဆိုခဲ့ဖူး၏။ ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်ဆိုသော ဆိုရိုးလည်း ရှိ၏။ ရေကိုကာကွယ်နိုင်ရန် မြစ်ကို ရှင်သန် စေရပါမည်။ မြစ်တို့စီးဆင်းခြင်းသည် လူတို့ ရှင်သန်ခြင်းသာမက သက်ရှိ၊ သက်မဲ့ ဇီဝစုံ တို့၏ ပေါက်ဖွားခြင်းလည်း မည်ပါပေ၏။ မြစ်တစ်စင်းသေဆုံးခြင်းသည် ဂေဟစနစ်နှင့် ကမ္ဘာရွာကြီး ကွယ်လွန်ခြင်းလည်း မည်ပါ၏။

မဲခေါင်မြစ်ကြီး ရှင်သန်စီး ဆင်းနိုင်ပါစေ သတည်း။

Most Read

Most Recent