ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ပြည်တွင်းအလုပ်ငန်းများ၌ အလုပ်ခန့်အပ်မှု တဖန်ကျဆင်းလာခဲ့ပြီး နောက်ဆုံး ၂၂ လအတွင်း ၂၁ လတွင် အလုပ်နေရာ ဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင် ဖော်ပြ

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ပြည်တွင်းအလုပ်ငန်းများ၌ အလုပ်ခန့်အပ်မှု တဖန်ကျဆင်းလာခဲ့ပြီး နောက်ဆုံး ၂၂ လအတွင်း ၂၁ လတွင် အလုပ်နေရာ ဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင် ဖော်ပြ
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကိုတွေ့ရစဉ်
Published 2 December 2021

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည်တွင်းလုပ်ငန်းများ၌ အလုပ်ခန့်အပ်မှု တဖန်ကျဆင်းလာခဲ့ပြီး နောက်ဆုံး ၂၂ လအတွင်း ၂၁ လတွင် အလုပ်နေရာ ဖြတ်တောက်ခံခဲ့ရကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit  မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

အလုပ်ခန့်အပ်မှုပမာဏများ နိုဝင်ဘာတွင် တဖန်ကျလာခဲ့ပြန်ရာ နောက်ဆုံး ၂၂ လအတွင်း ၂၁လတွင် အလုပ်နေရာဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ထုတ်လုပ်ရေး တောင်းဆိုမှုများ နိမ့်ကျလာပြီး အလုပ်သမားများ ၎င်းတို့၏ နေရပ်များသို့ ပြန်သွားကြကြောင်း အစီရင်ခံမှုများ ရှိသော်လည်း ဖြေကြားသူအများစုက အလုပ်သမားများသည် လစာပိုကောင်းသည့် နေရာများကို ရှာဖွေရန် မိမိတို့ဆန္ဒအလျောက် အလုပ်မှထွက်နေကြခြင်းကို  ထောက်ပြခဲ့ကြသည်။

ယင်းအခြေအနေများကြောင့် ကုမ္ပဏီများအနေဖြင့် အထူးသဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ကျန်အလုပ်များ တဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

လက်ကျန်အလုပ်များ တိုးလာခဲ့သည့်နှုန်းမှာ စစ်တမ်း၏ သမိုင်းထဲတွင် ဒုတိယအများဆုံးဖြစ်ပြီး အောက်တိုဘာလတွင် မြင်တွေ့ခဲ့ရသည့်နှုန်းထားထက် ကျော်လွန်ခဲ့သည်။

သွင်းကုန်စရိတ်များမှာ ၁၄ လဆက်တိုက် မြင့်တက်လာခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များ၏ ဖိအားပေးမှုများမှာ နိုဝင်ဘာလတွင် ဆက်လက်မြင့်တက်ခဲ့သည်။

၎င်းအခြေအနေများ တွေ့ကြုံခဲ့ရခြင်းမှာ ကုန်ကြမ်းရှားပါးမှုအပြင် ဆီစျေးနှုန်းနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာခြင်းနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် သွင်းကုန်များရရှိနိုင်မှု ရှားပါးခြင်းကြောင့် နိုဝင်ဘာလတွင် ပစ္စည်း ပေးသွင်းမှုများ ဆက်လက်ပြတ်တောက်ခဲ့ပြီး သွင်းကုန်များအတွက် ပျှမ်းမျှပေးသွင်းမှု အချိန်ကာလမှာ သိသာစွာကြာရှည်လာခဲ့သည်။

သို့သော်လည်း မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ နိုဝင်ဘာလတွင် ၄၆ ဒသမ ၇ သို့ မြင့်တက်ခဲ့သည်။ အောက်တိုဘာလတွင်မှု PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ သာရှိသည်။

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအနည်းငယ် မြင့်တက်လာခဲ့သော်လည်း PMI အညွှန်းကိန်း၏ အပြောင်းအလဲမရှိ  စံသတ်မှတ်ချက် အမှတ် ၅ဝထက် နိမ့်ကျနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက် တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် IHS Markit  မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန် ထုတ်လုပ်မှုအခြေအနေများ ဆုတ်ယုတ်လာခဲ့ကြောင်း နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည့်  IHS Markit  အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်းစစ်တမ်းတွင် ဖော်ပြထားသည်။

အထက်ပါ  အာဆီယံနိုင်ငံများအတွက် PMI အညွှန်းကိန်းစစ်တမ်းကို အာဆီယံဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသည့် ခုနစ်နိုင်ငံကို စစ်တမ်းအဓိက ကောက်ယူခဲ့ခြင်းဖြစ်သည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit  က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

 

Most Read

Most Recent