၂၀၂၁-၂၀၂၂ (Mini Budget) နိုဝင်ဘာလယ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၇ သန်းနီးပါးဖြစ်ပေါ်

၂၀၂၁-၂၀၂၂ (Mini Budget) နိုဝင်ဘာလယ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၇ သန်းနီးပါးဖြစ်ပေါ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 2 December 2021

၂၀၂၁-၂၀၂၂ (Mini Budget)  နိုဝင်ဘာလလယ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၇ သန်းနီးပါးဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင်  ပို့ကုန်တင်ပို့ထားမှုထက် သွင်းကုန်တင်သွင်းထားမှု ပို၍များနေခြင်းကို ဆိုလိုသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၇၄၆ ဘီလျံရှိသည်။ ပြည်ပမှ သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၈၀၂ ဘီလျံရှိသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းထားမှုကို နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်တင်ပို့မှုပမာဏထက် သွင်းကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၅၆ ဒသမ ၉၄၂ သန်းပို၍ များနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာ ထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားပို့ကုန်တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်စ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေ တင်သွင်းရသည့် ကုန်စည်များကိုလည်း လျော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေလျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့မှုများကို လေ့လာကြည့်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ယာယီ)တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၃၀ ကျော်ရရှိပြီး ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၆၅၆ ဒသမ ၇၈၄ သန်းဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သာ ကုန်သွယ်ရေး ပိုငွေရှိခဲ့ပြီး ယခင်နှစ်များက ကုန်သွယ်မှုလိုငွေသာ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်မှုပမာဏ ဒေါ်လာ၃၆ ဒသမ ၇၃၁ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ  ၁ ဒသမ ၃၆၉ ဘီလျံရှိသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ အထိလျော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။    

 

Most Read

Most Recent