နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် မြေနေရာများချပေးခြင်းအပေါ် အဂတိဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုနှစ်မှု၏ တရားလိုပြသက်သေကို ပြန်လှန်စစ်မေးခြင်း ပြုလုပ်

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် မြေနေရာများချပေးခြင်းအပေါ် အဂတိဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုနှစ်မှု၏ တရားလိုပြသက်သေကို ပြန်လှန်စစ်မေးခြင်း ပြုလုပ်
Published 26 November 2021
အောင်မင်းသိန်း

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့်စီမံကိန်းများအတွက် မြေကွက်များချပေးခြင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးမင်းသူတို့ကို တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားလိုပြသက်သေအား စွပ်စွဲခံရသူများ၏ ရှေ့နေများက ပြန်လှန်စစ်မေးမှု ပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၂၆ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရာဇဝတ်ကြီးအမှုအမှတ် (၃) ဖြစ်သည့် နေပြည်တော်တွင် လရောင်တောစိုက်ပျိုး သက်မွေးပညာသင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးမင်းသူတို့က ချပေးသည့်ကိစ္စကို အရေးယူပေးရန် တင်ပြထားသည့် အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေဖြစ်သော နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကို စွပ်စွဲခံရသူများ၏ ရှေ့နေများက ပြန်လှန်စစ်မေးခြင်းများအား နိုဝင်ဘာ ၂၆ ရက် ရုံးချိန်းတွင် ဆောင်ရွက်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် ရာဇဝတ်ကြီး အမှုအမှတ် (၄) ဖြစ်သော နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့အား တရားစွဲဆိုထားသည့် အမှုတို့နှင့်ပတ်သက်၍လည်း တရားလိုပြသက်သေ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူကို စွပ်စွဲခံရသူများ၏ ရှေ့နေများက ပြန်လှန်စစ်မေးခဲ့ကြောင်းလည်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အထက်ပါ အမှုနှစ်မှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူကို အဓိကစစ်မေးခြင်းနှင့် စွပ်စွဲခံရသူများ၏ ရှေ့နေများက ပြန်လှန်စစ်မေးခြင်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း  ဦးမင်းသူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများအား ဒီဇင်ဘာ ၃ ရက်တွင် ရုံးထုတ်စစ်ဆေးရန်အတွက် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent