ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကိုးလအတွင်း မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဆေးရုံ၊ဆေးခန်း ၂၅ ခု ပျက်စီးဟု ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကိုးလအတွင်း မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဆေးရုံ၊ဆေးခန်း ၂၅ ခု ပျက်စီးဟု ထုတ်ပြန်
Published 23 November 2021

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကိုးလအတွင်း မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဆေးရုံ၊ဆေးခန်း ၂၅ ခု ပျက်စီးခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်အရ နေပြည်တော်တွင် တစ်ခု၊ ကချင်ပြည်နယ်တွင် သုံးခု၊ ကရင်ပြည်နယ်တွင် သုံးခု၊ ချင်းပြည်နယ်တွင် တစ်ခု၊ စစ်ကိုင်းတိုင်းတွင် နှစ်ခု၊ ပဲခူးတိုင်းတွင် တစ်ခု၊ မကွေးတိုင်းတွင် နှစ်ခု၊ မန္တလေးတိုင်းတွင် သုံး ခု၊ မွန်ပြည်နယ်တွင် နှစ်ခု၊ ရန်ကုန်တိုင်းတွင် လေးခု၊ ရှမ်းပြည်နယ်တွင် နှစ်ခုနှင့် ဧရာဝတီတိုင်းတွင် တစ်ခုတို့ဖြစ်ကြောင်း ပါရှိသည်။

ပျက်စီးခဲ့သည့် ဆေးရုံ၊ ဆေးခန်းများမှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် ကလေးဆေးရုံကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ သားဖွားမီးယပ်နှင့် ကလေးဆေးရုံနှင့် အင်းစိန်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ်ရှိ ဆေးရုံနှင့် တာချီလိတ် မြို့နယ်ရှိ ခရိုင်ဆေးရုံဝင်း၊ မကွေးတိုင်း မထွဲ ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနနှင့် ဂန့်ဂေါမြို့နယ်ရှိ ဟံသာဝတီတိုက်နယ် ဆေးရုံ၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရစဖ(နမ္မဖြစ်)၊ အထကခွဲ(နမ္မဖြစ်)နှင့် ကျေး လက်ကျန်းမာရေးဆေးပေးခန်း၊ ကရင်ပြည် နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ ကော့ကရိတ်မြို့နယ်ရှိ ဗိုလ်ချုပ်လမ်းနှင့် ပြည် သူ့ဆေးရုံလမ်းဆုံနှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်ရှိ (၁) ရပ်ကွက်၊ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးနှင့် ခင်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်း ကျောက်တံခါးမြို့ နယ်ရှိ တောကျွဲအင်းတိုက်နယ်ဆေးရုံ၊ ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ခရိုင်ဆေးရုံဝင်း၊ မွန်ပြည်နယ်တွင် ကျိုက်ထိုမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဆေးခန်းနှင့် ဘီးလင်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံဆိုင်းဘုတ်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ခရိုင်ဆေးရုံဝင်း၊ မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဆေးခန်း၊ စဉ့်ကိုင်မြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းနှင့် သာစည်မြို့နယ်ရှိ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်ကျန်းမာရေးရုံးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခု တွင် မြို့နယ်ပေါင်း ၂၃ မြို့နယ်၌ ဆေးရုံ၊ ဆေးခန်းပေါင်း ၂၅ ခုမှာ မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကိုးလအတွင်း သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးရှိပြီး ရှစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်း သုံးဦးမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းတိုက်နယ်ဆေးရုံမှ ဆေးရုံလုပ်သားသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် ဆောမြို့နယ် တောင့်တက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမနှစ်ဦးတို့ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းမရှိသော်လည်း ဒဏ်ရာရရှိခဲ့သည့် ကျန်းမာရေးဝန်ထမ်းရှစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောကျွဲ အင်းတိုက်နယ်ဆေးရုံမှ ဆေးရုံသန့်ရှင်းရေး ဝန်ထမ်းအမျိုးသားတစ်ဦး၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်မြို့နယ် ဟံသာဝတီ တိုက်နယ်ဆေးရုံမှ ဆေးရုံအထွေထွေလုပ်သား အမျိုးသားတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ သူနာပြုအမျိုးသမီးတစ်ဦး၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကပိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းမှ ကျန်းမာရေးမှူး အမျိုးသားတစ်ဦး၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ၀ါးဒက်ကွင်း ကျေးရွာကျန်းမာရေးဆေးပေးခန်းမှ ကျန်းမာရေးမှူး အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဆရာဝန် အမျိုးသမီးတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် တမူးပြည်သူ့ဆေးရုံမှ ကျန်းမာရေးမှူး အဆင့်(၄)အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံပြည်သူ့ ဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent