တရုတ်အနေဖြင့် အိမ်နီးချင်း နိုင်ငံငယ်များအပေါ် ဗိုလ်ကျအနိုင်ကျင့်မည် မဟုတ်ကြောင်း အာဆီယံ ခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင်းပင် ပြောကြား

တရုတ်အနေဖြင့် အိမ်နီးချင်း နိုင်ငံငယ်များအပေါ် ဗိုလ်ကျအနိုင်ကျင့်မည် မဟုတ်ကြောင်း အာဆီယံ ခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင်းပင် ပြောကြား
၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ရှင်းဟိုင်တော်လှန်ရေး နှစ် ၁၁၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် သမ္မတရှီကျင်းပင်ကို မြင်တွေ့ရစဉ်
၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ရှင်းဟိုင်တော်လှန်ရေး နှစ် ၁၁၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် သမ္မတရှီကျင်းပင်ကို မြင်တွေ့ရစဉ်
Published 22 November 2021
Ref: AFP

တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံငယ်များအပေါ် ဗိုလ်ကျအနိုင်ကျင့်မည် မဟုတ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတစ်ခုတွင် သမ္မတရှီကျင်းပင်က ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေစဉ် ၎င်းကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကာ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ကလည်း ၎င်းအရေးကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်လျက်ရှိသည်။

“တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် အမြဲတစေ ရပ်တည်နေမှာ ဖြစ်တယ်” ဟု သမ္မတရှီက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။

တရုတ်အနေဖြင့် မိမိတို့၏ အရွယ်အစားကို အသုံးချပြီး နိုင်ငံငယ်များအပေါ် နိုင်ထက်စီးနင်း ပြုမူခြင်း၊ အခွင့်အရေးယူခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်ခြင်းမျိုးကို မည်သည့်အခါတွင်မှ လုပ်ဆောင်မည်မဟုတ်ဘဲ အာဆီယံနှင့်အတူ လက်တွဲပြီး ကြားဝင်စွက်ဖက်မှုများကို တွန်းလှန်ဖယ်ရှားသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရုတ်၏ အခိုင်အမာ ပြောဆိုမှုကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ဘရူနိုင်း၊ ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်ကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်က ထိန်းချုပ်ထားသော သန္တာကျောက်ကျွန်းတစ်ခုဆီ ခုတ်မောင်းလာသည့် ဖိလစ်ပိုင်ရိက္ခာ ထောက်ပံ့ရေး သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောသုံးစီးက မီးသတ်ပိုက်များ အသုံးပြုကာ တားဆီးခဲ့သည်ဆိုသော လုပ်ရပ်များအပေါ် အပြင်းထန်ဆုံးပုံစံဖြင့် ရှုတ်ချကြောင်း ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာ  ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လုပ်ရပ်များသည် အန္တရာယ်များပြီး ရန်စသည့် သဘောသက်ရောက်ကာ တရားနည်းလမ်းမကျကြောင်း အမေရိကန် ပြည်ထောင်စုကလည်း ရှုတ်ချပြောဆိုခဲ့ပြီး ဖိလစ်ပိုင် ရေယာဉ်များအပေါ် လက်နက်အသုံးပြု၍ တိုက်ခိုက်ခြင်းသည် အမေရိကန်နှင့် ဖိလစ်ပိုင်အကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ကတိကဝတ်များကို အသက်ဝင်လာစေမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကလည်း အငြင်းပွားမှုများကို မနှစ်မြို့ကြောင်းနှင့် ပဋိပက္ခများကို ကျော်လွှားနိုင်သည့်တစ်ခုတည်းသော နည်းလမ်းသည် တရားဥပဒေစိုးမိုးမှုပင် ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

တရုတ်နှင့် အာဆီယံနိုင်ငံများသည် ဗီယက်နမ်စစ်ပွဲကဲ့သို့ စစ်ပွဲဒဏ်နှင့် စူပါပါ၀ါ အားပြိုင်မှုများကြောင့် ဒေသတွင်းကို ရိုက်ခတ်စေခဲ့သည့် စစ်အေးခေတ် အရိပ်မည်းမှ ကျော်လွှားကာဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းခဲ့ကြသည်ဟုလည်း သမ္မတရှီက ပြောကြားခဲ့သည်။

Most Read

Most Recent