မြန်မာမပါသော တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပ ၊ တရုတ်ကဖိတ်ကြားသော်လည်း အာဆီယံနိုင်ငံအချို့က နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိအားပေးသဖြင့် မြန်မာအနေဖြင့် မတက်ခဲ့ခြင်းဖြစ်ဟုဆို

မြန်မာမပါသော တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပ ၊ တရုတ်ကဖိတ်ကြားသော်လည်း အာဆီယံနိုင်ငံအချို့က နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိအားပေးသဖြင့် မြန်မာအနေဖြင့် မတက်ခဲ့ခြင်းဖြစ်ဟုဆို
Published 22 November 2021

မြန်မာနိုင်ငံ မပါဝင်သော တရုတ်-အာဆီယံထိပ်သီး ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် တက်ရောက်လိမ့်မည်ဟု မြန်မာမပါသော အာဆီယံနိုင်ငံများက တရုတ်နိုင်ငံနှင့် သဘောတူခဲ့ကြသည်ဟု ဆိုင်ဖူဒင်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်-အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိသည့် ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအာဏာပိုင်များက ချက်ချင်း မှတ်ချက်ပေးခြင်းမရှိသကဲ့သို့ မြန်မာပြောရေးဆိုခွင့်ရှိသူနှင့် ချက်ချင်း အဆက်အသွယ်လုပ်၍မရဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အာဆီယံသည် အောက်တိုဘာလတွင် ကျင်းပခဲ့သော အွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် မြန်မာတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။ သဘောတူထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးသို့ ဖိိတ်ကြားခြင်းမပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့ခြင်းမှာ ထူးခြားသောဆုံးဖြတ်ချက်ဖြစ်ဟု ရိုက်တာသတင်းဌာနက ရေးသားခဲ့သည်။

မြန်မာနိုင်ငံသည် အငယ်တန်း ကိုယ်စားလှယ်ကို စေလွှတ်ရန် ငြင်းဆန်ခဲ့ပြီး ကြားဝင်မစွက်ရေးမူမှ ခွဲထွက်ခဲ့ခြင်းနှင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို အလျှော့ပေးခြင်းတို့အတွက် မြန်မာက အာဆီယံကို အပြစ်တင်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အနှစ် ၃၀ မြောက်စေ့စပ်ဆွေးနွေးမှုကို ဂုဏ်ပြုခဲ့သော နိုဝင်ဘာ ၂၂ ရက် တရုတ် -အာဆီယံ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲသည် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အထောက်အကူပြုလိမ့်မည်ဟု တရုတ်သမ္မတရှီကျင်းပင်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ပေကျင်းသည် မိမိ၏ပိုမိုသေးငယ်သော အိမ်နီးချင်းနိုင်ငံများကို အကျပ်ကိုင်မည် မဟုတ်ဟု အဆိုပါ အစည်းအဝေးတွင် ရှီက အာဆီယံခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်အနေဖြင့် နိုင်ငံငယ်များကို အနိုင်ကျင့်ရန် မိမိနိုင်ငံ၏ အရွယ်အစားကို အခွင့်ကောင်းယူမည် မဟုတ်သကဲ့သို့ ဗိုလ်ကျစိုးမိုးမှုကိုလည်း လုပ်ဆောင်မည် မဟုတ်ကြောင်း၊ ကြားဝင်စွက်ဖက်မှုကို ဖယ်ရှားရန် အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျင်းပင်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံသည် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ အဖော်ကောင်းအဖြစ် ရှိခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ရှိနေမှာဖြစ်သလို အမြဲတမ်း အဲ့ဒီအတိုင်း ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာက ကိုးကားဖော်ပြခဲ့သည်။

တရုတ် - အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အား အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အာဆီယံနိုင်ငံအချို့က နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိအားပေးခဲ့ခြင်းကြောင့် မတက်ဖြစ်ခြင်း ဖြစ်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

ယနေ့(နိုဝင်ဘာ ၂၂ ရက်) တွင် ကျင်းပသည့် တရုတ် - အာဆီယံ အစည်းအဝေးအား မြန်မာကိုယ်စားလှယ် မည့်သည်အတွက်ကြောင့် မတက်ရောက်သနည်းဟု အဆာဟိရှင်းဘွန်းသတင်းဌာနမှ မေးမြန်းမှုကို သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

တရုတ်-အာဆီယံ အစည်းအဝေး၌ မြန်မာနိုင်ငံမှကိုယ်စားလှယ် မတက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အား အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်းနှင့် အစည်းအဝေး တက်နိုင်ရန်အတွက်လည်း အာဆီယံနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

အထက်ပါကဲ့သို့ အခြေအနေရှိသော်လည်း အချို့သော အာဆီယံနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခင်အာဆီယံထိပ်သီး အစည်းအဝေး ရပ်တည်ချက်အတိုင်းပင် နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်တစ်ဦးတက်ရန်ကိုသာ ဆောင်ရွက်ဖိအားပေးခဲ့ကြောင်း၊ GMS (Greater Mekong Subergion) ၌ ပါဝင်သော အာဆီယံငါးနိုင်ငံအနေဖြင့် ကောင်းမွန်ညီညွတ်သော ဆက်ဆံရေးများရှိကြောင်း၊ အချို့ အာဆီယံနိုင်ငံများ အနေဖြင့် အယူအဆ၊ အယူဝါဒ ကွဲပြားမှုများရှိကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည့် အချိန်မှာ ၁၉၇၇ ခုနှစ် တပ်မတော်အစိုးရ လက်ထက်၌ဖြစ်ပြီး အစိုးရကို ကိုယ်စားပြု ဝင်ရောက်ခဲ့ကြောင်း မဟုတ်ဘဲ နိုင်ငံကိုကိုယ်စားပြု ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံပဋိဉာဉ်၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံလမ်းစဉ်များကို တိကျစွာလိုက်နာခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

ထို့ပြင် ဆက်လက်၍လည်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent