သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် သံသုမာလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးဝင်းအတွင်း နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။
အဆိုပါပေါက်ကွဲမှုသည် ကညနရုံးမှ ဦးစီးအရာရှိတစ်ဦးအခန်းအနီးတွင် ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနှစ်ဦးဒဏ်ရာရရှိသွားကြောင်း ကနဦးသိရသည်။
သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်နေသူတစ်ဦးက " ပေါက်ကွဲသံကတော့ တစ်ကြိမ်ကြားလိုက်ရတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ ကညနေရုံးဝင်းကို ပိတ်လိုက်ပြီး အထဲက လူတွေကို အပြင်ပေးမထွက်တော့ဘဲ စစ်ဆေးနေတာတွေ လုပ်နေတယ် " ဟုပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် ကညနရုံးဝင်းအတွင်း လုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသည့် လူ ၂၀၀ မှ ၃၀၀ ခန့်ရှိနေပြီး နေ့လယ် ၂ နာရီခွဲခန့်တွင် တန်းစီ၍ ကညနရုံးပြင်ပသို့ ထွက်ခွာခွင့်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ပြည်လမ်းနှင့် အမှတ် (၁) ကြက်ခြံလမ်းထောင့်၊ ပါရမီယာဉ်ဝင်းအနီး နိုဝင်ဘာ ၁၈ ရက်ည ၈ နာရီခန့်ကပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိနေစဉ် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။















