အီရန်အမျိုးသမီးအသင်း၏ ဂိုးသမားမှာ အမျိုးသားတစ်ဦးဖြစ်သည်ဟု ဂျော်ဒန်အသင်း စွပ်စွဲခဲ့ပြီး လိင်စစ်ဆေးရန် တောင်းဆို

အီရန်အမျိုးသမီးအသင်း၏ ဂိုးသမားမှာ အမျိုးသားတစ်ဦးဖြစ်သည်ဟု ဂျော်ဒန်အသင်း စွပ်စွဲခဲ့ပြီး လိင်စစ်ဆေးရန် တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 19 November 2021

အီရန်အမျိုးသမီးလက်ရွေးစင်အသင်းသည် ဂျော်ဒန် အမျိုးသမီးအသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့် ၂၀၂၂ အမျိုးသမီးအာရှဖလားခြေစစ်ပွဲတွင် ဂိုးသမားနေရာတွင် အမျိုးသားတစ်ဦးကို ထည့်သွင်းကစားခဲ့သည်ဟု စွပ်စွဲခံနေရပြီး ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်(JFA) က လိင်စစ်ဆေးမှုပြုလုပ်ပေးရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC)ထံ တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၅)ရက်က ကစားခဲ့သည့်  ၂၀၂၂ အမျိုးသမီး အာရှဖလားခြေစစ်ပွဲစဉ်တွင် ဂျော်ဒန်နှင့် အီရန်အသင်းတို့သည် ပွဲအပြီးတွင် (၀-၀)ဂိုးဖြင့် သရေကျခဲ့သည်။

သို့သော် ၎င်းတို့နှစ်သင်းမှာ အုပ်စု(G)တွင် ရမှတ်၊ ဂိုးကွာ၊ ရဂိုး၊ ပေးဂိုးများ တူညီနေသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် အီရန်အသင်းက ဂိုးသမား ကူဒါယီ၏ လက်စွမ်းပြမှုကြောင့် (၄-၂)ဂိုးဖြင့်အနိုင်ရရှိကာ အသင်းသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးအာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

သို့သော် ယခုအခါ အဆိုပါပွဲစဉ်တွင် လက်စွမ်းပြခဲ့သည့် အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဂိုးသမား ကူဒါယီမှာ အမျိုးသားဖြစ်သည်ဟု ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်က စွပ်စွဲခဲ့ပြီး ကူဒါယီအား လိင်စစ်ဆေးမှုပြုလုပ်ပေးရန် AFC ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် အီရန်အမျိုးသမီးအသင်းကမူ ယင်းစွပ်စွဲမှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး ဂျော်ဒန်အသင်းအနေဖြင့် ရှုံးပွဲအတွက် ဆင်ခြေရှာခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

JFA ၏ တိုင်ကြားမှုနှင့်ပတ်သက်ပြီး AFC ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFC အနေဖြင့် စုံစမ်းစစ်ဆေးနေဆဲကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

JFA ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဂျော်ဒန်မင်းသား အလီဘင်အယ်လ်ဟူစိန်က ကူဒါယီသာ မိမိတို့ စွပ်စွဲသလို အမျိုးသားဖြစ်နေမည်ဆိုပါက ယခုပြဿနာမှာ အလေးအနက်ထားရမည့်ပြဿနာဖြစ်ပြီး AFC အနေဖြင့် ယင်းပြဿနာကို ဖြေရှင်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အီရန်အမျိုးသမီးအသင်းနည်းပြ မာယန်အီရန်ဒေါ့စ်က အသက် (၃၂)နှစ်အရွယ်ရှိ ကူဒါယီမှာ အီရန်အမျိုးသမီးအသင်းနှင့်အတူ ၂၀၀၈ နှင့် ၂၀၁၀ အမျိုးသမီးအာရှဖလားခြေစစ်ပွဲများတွင်လည်း ပါဝင်ခဲ့သူဖြစ်ပြီး JFA ၏စွပ်စွဲမှုမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

အီရန်ဒေါ့စ်က ''အခုလို ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆေးဝန်ထမ်းတွေဟာ နိုင်ငံအသင်းကစားသမားတွေရဲ့ ဟော်မုန်းစစ်ဆေးမှုတွေကို ဂရုတစိုက်ပြုလုပ်လေ့ရှိပါတယ်။ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေအားလုံးကို မစိုးရိမ်ဖို့ ကျွန်မ ပြောချင်ပါတယ်။ ဒီစွပ်စွဲမှုက အရှုံးကိုလက်မခံနိုင်တဲ့ ဂျော်ဒန်အသင်းရဲ့ ဆင်ခြေသာဖြစ်ပါတယ်။ ဂျော်ဒန်က ခြေစစ်ပွဲအောင်ဖို့ ရေပန်းစားခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့လို့ ဆင်ခြေရှာတာ သဘာဝပါပဲ။ ကျွန်မတို့အနေနဲ့ AFC က လိုအပ်တဲ့အထောက်အထားတွေကို တင်ပြသွားဖို့ အဆင်သင့်ပါပဲ''ဟု ပြောကြားခဲ့သည်။

အီရန်အမျိုးသမီးအသင်းသည် ယခင်ကလည်း အမျိုးသားများကို ထည့်သွင်းကစားခဲ့ဖူးသည်ဟူသော စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးကြောင်း သိရသည်။ 

Most Read

Most Recent