ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးရာကိစ္စရပ်များကို အာရုံစိုက်ရန် တိုက်တွန်းခဲ့ဟု SNLD ပါတီတွဲဖက်အတွင်းရေးမှူး ပြောကြား

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးရာကိစ္စရပ်များကို အာရုံစိုက်ရန် တိုက်တွန်းခဲ့ဟု SNLD ပါတီတွဲဖက်အတွင်းရေးမှူး ပြောကြား
Published 18 November 2021

ဂျပန် နီပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါနှင့် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပေါ်နေ သော မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ရှမ်းပြည်နယ်ရေးရာ ကိစ္စရပ်များကို အဓိကဆွေး နွေးခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

မစ္စတာ ဆာဆာကာဝါသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင်ပါဝင်နေသော ပုဂ္ဂိုလ်ဖြစ်၍ ၎င်းဘက်မှ တွေ့ဆုံရန် ဖိတ်ခေါ်မှုအပေါ် သွားရောက်တွေ့ဆုံခြင်းဖြစ်ကာ နှစ်ဘက်အဖွဲ့အစည်းကြား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်ဟု အဆိုပါ SNLD ပါတီ တာဝန်ရှိသူက ဆိုသည်။

တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပေါ်နေသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရှမ်းပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေးခဲ့သည်ဟု ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

“ရှမ်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အများကြီးရှိတယ်။ အဲဒီအရေးတွေကို သူနားမလည်ဘဲနဲ့ ဒါမှမဟုတ်ရင် အာရုံမစိုက်ဘဲနဲ့ကတော့ မြန်မာပြည်တစ်ခုလုံးရဲ့ အရေးလည်း ဘယ်တော့မှပြီးမှာမဟုတ်ဘူး ဆိုတဲ့ အသိကို သူ့ကို သိစေချင်တာပါတယ်။ အဲဒါကြောင့်  တိုက်တွန်းရခြင်းဖြစ်တယ်” ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်ပဋိပက္ခနှင့် စစ်ဘေးရှောင်ကိစ္စများကို ဖြေရှင်းပြီးပါက ပြည်ထောင်စုပြဿနာ၏ ၅၀ ရာခိုင်နှုန်း၊  ၆၀ ရာခိုင်နှုန်း ဖြေရှင်းပြီးသားဖြစ်မည်ဖြစ်၍  ရှမ်းပြည်ဘက်ကို အာရုံစိုက်စေလိုသည့်သ ဘော ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ စိုက်ပျိုးရေးအားလုံးနီးပါးကို တရုတ်နိုင်ငံနှင့် အဓိကထားကုန်သွယ်နေရ၍ စျေးကွက်အတွင်း ပြည်သူများ ရွေးချယ်စရာ အခွင့်အရေးရရှိစေရန် ဂျပန်အပါအဝင် အခြားမည်သည့်နိုင်ငံမဆို ဖိတ်ခေါ်ကြောင်းလည်း ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ရှမ်းပြည်မှာရှိတဲ့ စိုက်ပျိုးရေးအကုန်လုံးနီးပါးက တရုတ်ကိုပဲ မှီခိုနေရတာလေ။ တရုတ်က ပိတ်လိုက်ပြီဆိုရင် အဲဒီပစ္စည်းတွေ သွန်ပစ်ရတာတို့ ဘာတို့ ပြောင်းတွေ ဘာညာ အများကြီးပေါ့လေ။ တကယ်လို့ ကျန်တဲ့ဥရောပ နိုင်ငံတွေပဲပြောပြော ဘယ်နိုင်ငံတွေပဲပြောပြော ဒီစိုက်ပျိုးရေးဆိုင်ရာကိစ္စတွေမှာ ရွေးချယ်စရာတစ်ခုပေါ့။ တရုတ်နဲ့အပြိုင် အခြားရွေးချယ်စရာရှိခဲ့မယ်ဆိုရင် စျေးနှိမ်တို့ ဘာတို့ သူတို့လုပ်ချင်သလိုလုပ်လို့ မရတော့ဘူး ပေါ့။ စျေးကွက်ဆိုတာ ယှဉ်ပြိုင်တဲ့သူရှိမှ ပိုကောင်းတာလေ။ အခုက ပြိုင်ဘက်မရှိ အကုန်လုံးက တရုတ်ကို မှီခိုနေရတာဆိုတော့  ပြည်သူတွေက အခြားရွေးချယ်စရာရှိနိုင်အောင်လို့ ဖိတ်ခေါ်တဲ့သဘောလည်းဖြစ်ပါ တယ်” ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

နှစ်ဖက်တွေ့ဆုံမှုတွင်  မစ္စတာဆာဆာကာဝါက ရှမ်းပြည်နယ်အတွင်း နီပွန်ဖောင်ဒေးရှင်းမှ စာသင်ကျောင်းပေါင်း ၄၈၀ ကျော် ဆောက်လုပ်ပေးခဲ့ကြောင်း ပြောကြားပြီး အခြားသော ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ပြောကြားခြင်းမရှိဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် SNLD ပါတီ တွေ့ဆုံမှုတွင် ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ ရခိုင်အ မျိုးသားပါတီ (ANP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒ ရယ်ပြည်ထောင်စုပါတီတို့နှင့်  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent