ဂရိဒုတိယတန်းကလပ် ကာဗာလာအသင်းသည် နိုဝင်ဘာလ ၂၁ ရက်တွင်ကစားမည့် အသင်း၏အမှတ်ပေးပွဲစဉ်၌ ကစားသမားမလုံလောက်မှု ပြဿနာကြောင့် ကစ်ဘောင်ဆင်နှင့် ဘက်စကတ်ဘောသမားများကို ထည့်သွင်းကစားစေမည်ဟု ယင်းအသင်း ၏အထွေထွေမန်နေဂျာဖြစ်သူ မာနာဖစ်က ပြောကြားခဲ့သည်။
မာနာဖစ်က ဂရိရေဒီယို Metropolis 95.5 FM နှင့်တွေ့ဆုံမှုတွင် အသင်းအနေဖြင့် ကစားသမားသစ်ခေါ်ယူမှုတွင် ပြဿနာများရှိနေမှုအပါအဝင် အုပ်ချုပ်ရေးယန္တရားမှာ ရပ်ဆိုင်းနေသည်ဟု မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် အသင်းတွင် ဘောလုံးသမား သုံးဦးသာ ရှိနေသည်ဟုလည်း ဝန်ခံခဲ့သည်။
''အခုချိန်ကစပြီး သုံးလ သို့မဟုတ် လေးလအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အသင်းဟာ ပရော်ဖက်ရှင်နယ်အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ အပျော်တမ်းကစားသမားတွေကို အသုံးမပြုနိုင်ပါဘူး။ ကစ်ဘောင်ဆင်နဲ့ ဘက်စကတ်ဘောက ကစားသမားတွေကို အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူတို့ဟာ ကာဗာလာဒေသခံ အားကစားသမားတွေဖြစ်ပြီး အသင်းကို ကူညီဖို့ ဆန္ဒရှိကြပါတယ်''ဟု မာနာဖစ်က ပြောကြားခဲ့သည်။
ကာဗာလာအသင်းသည် ကစားသမားမလုံလောက်မှု ပြဿနာကြောင့် ယခုရာသီတွင် အသင်း၏ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲကို အရှုံးပေးခဲ့ရကြောင်း သိရသည်။
ကာဗာလာအသင်းကို ၁၉၆၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဒေသ ခံကလပ်အသင်း သုံးသင်းကို ပေါင်းစည်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကာဗာလာအသင်း သည် ဂရိအဆင့်မြင့်ဆုံးလိဂ်ဖြစ်သည့် စူပါလိဂ်ပြိုင်ပွဲတွင် ၂၀၁၀-၁၁ ရာသီက နောက်ဆုံးကစားခဲ့ကြောင်း သိရသည်။