■ ဆူဇူကီးဖလားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ (၃၀)ရက် ရောက်ရှိမည်

■ ဆူဇူကီးဖလားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ (၃၀)ရက် ရောက်ရှိမည်
Photos : MFF
Photos : MFF
Published 18 November 2021

မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူ ကီးဖလားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ (၃၀)ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌ လေ့ကျင့်မှု ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ (၂၉)ရက်အထိ လေ့ကျင့်သွားမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးဖလားပြိုင်ပွဲအ တွက် ပဏာမကစားသမား (၂၅) ဦး ရွေးချယ်ထားပြီး မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် ကစားနေသည့် တိုက်စစ်ကစားသမား ဟိန်းထက်အောင်မှလွဲ၍ ကျန်ကစားသမားများမှာ အသင်းနှင့်ပူးပေါင်းလေ့ကျင့်နေပြီဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် အပြီးသတ်ကစားသမား (၂၃)ဦးကို အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ထုတ်ပြန်ဖွယ်ရှိနေပြီး လက်ရှိရွေးချယ်ထားသည့် လူစာရင်းအရ (၂)ဦးသာ လျှော့ချရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာလဆန်းပိုင်းကတည်းက စတင်လေ့ကျင့်ခဲ့သော်လည်း နည်းပြချုပ် အန်တွမ်နီဟေးနှင့် နိုင်ငံခြားသားနည်းပြများမှာမူ တူရကီနိုင်ငံသို့ရောက်ရှိမှသာ ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါအခြေအနေကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံသို့ (၅)ရက် ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီနိုင်ငံတွင်လည်း ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း နေထိုင်ရပြီး ခြေစမ်းပွဲမကစားမီတွင်လည်း ရောဂါပိုးရှိမရှိ စစ်ဆေးရကြောင်း သိရသည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာ (၅) ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကြိုတင်သွားရောက်ခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီ ယံဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စု(A)၌ ထိုင်း၊ ဖိလစ်ပိုင်၊ အိမ်ရှင်စင်ကာပူ၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။ 

မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲတွင် အုပ်စုအဆင့်ကို (၂)ကြိမ်သာ ကျော်လွန်နိုင်ခဲ့ပြီး လက်ရှိအုပ်စုအနေအထားအရ ဆီမီးတက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

Most Read

Most Recent