သထုံမြို့နယ် ကျုံမိန်ကျေးရွာနှင့် ဆူးအင်းကျေးရွာကြားရှိ Mytel တာဝါတိုင် မိုင်းဆွဲဖောက်ခွဲခံရ

သထုံမြို့နယ် ကျုံမိန်ကျေးရွာနှင့် ဆူးအင်းကျေးရွာကြားရှိ Mytel တာဝါတိုင် မိုင်းဆွဲဖောက်ခွဲခံရ
Published 17 November 2021

သထုံမြို့နယ် ကျုံမိန်ကျေးရွာနှင့် ဆူးအင်းကျေးရွာကြားရှိ Mytel တာဝါတိုင်မှာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက မိုင်းဆွဲဖောက်ခွဲခံရကြောင်း ဒေသံများ၏ ပြောကြားချက်အရ သိရသည်။

“မနေ့နေ့လယ်ပိုင်းကတုန်းက ကျုံမိန်ကျေးရွာနဲ့ ဆူးအင်းကျေးရွာကြားက Mytel  တာဝါတိုင်မှာ မိုင်းပေါက်ကွဲသံကြားရတယ်။ အသံက တော်တော်ကျယ်တယ်။ တိုင်တော့ လဲကျမသွားဘူး။ တိုင်ခြေမှာရှိတဲ့ စက်ပစ္စည်းတွေ ပျက်စီးထိခိုက်မှုတွေရှိတယ်လို့ ကြားသိရပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြော ကြားသည်။

အဆိုပါ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရှာဖွေခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က ကျိုက်ထိုမြို့နယ် အင်္ဂဘို ကျေးရွာအနီးရှိ Mytel တာဝါတိုင်၊ စက်တင်ဘာ ၁၇ ရက် ညပိုင်းက ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာရှိ  Mytel တာဝါတိုင်၊ စက်တင်ဘာ ၁၈ ရက်က ရေးမြို့နယ် ခေါဇာမြို့မှ ကဗျာဝကျေးရွာသို့ သွားသည့် လမ်းဘေးရှိ Mytel တာဝါတိုင်နှင့် ရေးမြို့နယ် အောင်သပြေကျေးရွာရှိ Mytel တာဝါတိုင်နှင့် စက်တင်ဘာ ၂၂ ရက် ညပိုင်းက ရေးမြို့နယ် ကနင်းကမော့ကျေး ရွာရှိ Mytel တာဝါတိုင်၊ အောက်တိုဘာ ၁ ရက် ညပိုင်းက သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာရှိ Mytel တာဝါတိုင်နှင့် အောက်တို ဘာ ၄ ရက် ညပိုင်းက သိမ်ဇရပ်မြို့ ၀ါးဒက်ကွင်းကျေးရွာရှိ Mytel တာဝါတိုင်များ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်ကလည်း ပေါင်မြို့နယ် ကျွဲခြံကျေးရွာနှင့် ကော့ကရင်ကျေးရွာချင်းဆက်လမ်းပိုင်းရှိ Mytel တာဝါတိုင်နှင့် နိုဝင်ဘာ ၃ ရက်က ပေါင်မြို့နယ် မှော်ဘီကျေးရွာအုပ်စု ကော့ပလိန်ကျွန်းကျေးရွာရှိ  Mytel တာဝါတိုင်များမှာလည်း ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent