မော်လမြိုင်မြို့တွင်  စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ နီးပါး ဖမ်းဆီးရမိ

မော်လမြိုင်မြို့တွင်  စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ နီးပါး ဖမ်းဆီးရမိ
Published 17 November 2021
ဘိုဘိုမြင့်

မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်က မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် ဖက်ခင်းလမ်းတွင် နေထိုင်သူ နန်းလောဝ်အွမ်၊ ဝေယံမျိုးလွင်နှင့် စိုင်းစံမိန်းတို့၏ နေအိမ်နှင့် စားသောက်ဆိုင်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ နန်းလောဝ်အွမ် လက်ထဲရှိ သံဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား ၆၈၂၅ ပြား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်ပြီး နန်းလောဝ်အွမ် (၂၆ နှစ်)၊ ဝေယံမျိုးလွင် (၂၆ နှစ်)နှင့် စိုင်းစံမိန်း (၂၄ နှစ်) တို့ သုံးဦးအား မုပွန်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက် သိင်္ဂီလမ်းနေ ဒေါ်နွယ်နီအေး (ခ) ဂတုံးမ၏ နေအိမ်၌ မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ  ဒေါ်နွယ်နီအေး (ခ) ဂတုံးမနှင့်အတူ ဘိုဘိုရှိုင်းဆိုသူတို့အား နေအိမ်တွင် တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၃၃ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒေါ်နွယ်နီအေး (ခ) ဂတုံးမ (၆၀ နှစ်)နှင့် ဘိုဘိုရှိုင်း (၂၆ နှစ်) တို့ နှစ်ဦးအား မော်လမြိုင်မြို့မရဲစခန်းတွင် မူးယစ်စိတ်ပြောင်း ဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကိုးမိုင်ကျေးရွာနေ မိုးဦးဆိုသူ၏ နေအိမ်နှင့် ခြံဝင်းအတွင်းမှ စိတ်ကြွဆေးပြား ၁၆၂၂ ပြား၊ ဆေးခြောက် ၁၀၀ ဂရမ်၊ ဘိန်းစာရွက် ၄၀၀ ဂရမ်တို့အား ရှာဖွေဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်းနှင့် မိုးဦး (၃၆ နှစ်) အား မူးယစ်စိတ် ပြောင်းဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent