ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံနိုင်သည့် COVID-19 ကာကွယ်ဆေး Sinovac များကို မန္တလေးတိုင်းဒေသကြီးနှင့် မြို့ကိုးမြို့သို့ ဆေးအလုံးရေပေါင်း ၁၂၆၁၅ လုံး ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့ပို့ဆောင်ရာတွင် နိုဝင်ဘာ ၁၆ ရက်က မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး ၁၅၇၄ လုံး၊ စစ်တွေမြို့သို့ ၉၄၄၅ လုံး၊ သံတွဲမြို့သို့ ၃၀၀၀၀ လုံး၊ လားရှိုးမြို့သို့ ၄၈၆၂ လုံး၊ ကျိုင်းတုံမြို့သို့ ၂၉၁ လုံး၊ လွိုင်ကော်မြို့သို့ ၁၉၆ လုံး၊ ကလေးမြို့သို့ အလုံးရေ ၅၀၀၀ ၊ ထားဝယ်မြို့သို့ ၁၂၁၃ လုံး၊ မန္တလေးတိုင်းဒေသကြီးသို့ ၅၅၃၇၇ လုံးနှင့် မုံရွာမြို့သို့ ၁၈၁၉၉ လုံး ပို့ဆောင်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်အထိ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း သန်း ၂၄ ကျော်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး၌ COVID-19 ရောဂါ ဖြစ်ပွားမှု တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက်မှာလည်း ကျဆင်းလာပြီဖြစ်သော်လည်း အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပိုးတွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရှိသူအရေအတွက် များပြားလျက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။















