လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား

လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
Published 16 November 2021
ဘိုဘိုမြင့်

လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။

“လက်ရှိအခြေအနေမှာက PR စနစ်ကို မကောင်းဘူး။ မကြိုက်ဘူးလို့ပြောလို့လည်း မဖြစ်တော့ဘူးလေ။ ဘာကြောင့်လဲဆိုတော့ နောက်ရွေးကောက်ပွဲမှာ အဲဒီပုံစံအတိုင်းသွားမှကိုး။ PR စနစ်ကို မကောင်းဘူးလို့ မပြောလိုပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ဒီ PR စနစ်က မလိုအပ်သေးဘူးဗျာ။ လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံသူ/နိုင်ငံသားတွေမပြောနဲ့၊ နိုင်ငံရေးသမားတွေတောင် ဒီ PR စနစ်ကို နားမလည်ကြသေးဘူး။ ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ FPTP (နိုင်သူအကုန်ယူ စနစ်) နဲ့ သွားတာတောင် မဲဆန္ဒရှင်ပြည်သူတွေက ဒုက္ခဖြစ်တယ်။ ဒါကြောင့် ဒီ PR (အချိုးကျကိုယ်စားပြုစနစ်) နဲ့ဆိုရင် အဆင်မှ ပြေပါ့မလားပေါ့ဗျာ” ဟု ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ပြုလုပ်ရန် စီစဉ်နေသည့်အတွက် PR စနစ်ကို ပါတီတွင်း သိနားလည်စေရန် ဦးစွာကြိုးစားလုပ်ဆောင်နေရကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။

“PR စနစ်နဲ့ပတ်သက်ပြီးတော့ လောလောဆယ်မှာ ကျွန်တော်တို့ပါတီအနေနဲ့က ဘာသဘောထားမှတ်ချက်မှ မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာတော့ UEC က PR စနစ်နဲ့ လုပ်မယ့်သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ဒီ PR စနစ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါတီအတွင်းမှာ နားလည်ကြဖို့ အရေးကြီးတယ်။ အဓိက ကတော့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေက ဒါကို သိနားလည်ဖို့ အရေးကြီးတဲ့အတွက်ကြောင့်ကို ဒီ PR စနစ်နဲ့ ပတ်သက်ပြီးတော့ လာမယ့်ဒီဇင်ဘာလအတွင်းမှာ သင်တန်းသဘောမျိုး တစ်ခုလောက် ဖွင့်လှစ်ဖို့အတွက်ကို စီစဉ်နေပါတယ်။ အဲဒီသင်တန်းပြီးမှပဲဲ ဒီ PR စနစ်ကို ဘယ်လိုဒီဇိုင်းနဲ့သွားမလဲဆိုတာကို နောင်ကျင်းပမယ့် UEC အစည်းအဝေးတွေမှာ တင်ပြနိုင်ဖို့အတွက်ကို ပြင်ဆင်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်စံတင်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက UEC အနေဖြင့် PR စနစ်ဖြင့် ရွေးကောက်ပွဲအား အမှန်တကယ်ပြုလုပ်မည်ဆိုပါက မည်သည့်ဒီဇိုင်းမျိုးဖြင့် သွားသင့်ကြောင်းကို တင်ပြခြင်း၊ ဆွေးနွေးခြင်းများ လုပ်ဆောင်သွားနိုင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့်လည်း PR စနစ်ကို သိနားလည်မှသာ အဖွဲ့ဖွဲ့၍ ဒီဇိုင်းရေးဆွဲသွားမည်ဖြစ်ကြောင်း နိုင်စံတင်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည့် PR စနစ်နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် (၁၁) နေရာနှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၂ နေရာတွင် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent