နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အာရှရေးရာ အထူးကိုယ်စားလှယ်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးအခြေအနေများ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အာရှရေးရာ အထူးကိုယ်စားလှယ်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးအခြေအနေများ ဆွေးနွေး
နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်တို့ တွေ့ဆုံစဉ်
နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်တို့ တွေ့ဆုံစဉ်
Published 16 November 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်အား လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် ဦးတည်ချက် ကိုးရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းနေ့၌ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချက်ဆန်ကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင်တို့ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချက်ဆန်တို့တွေ့ဆုံ၍ ကိုဗစ်ရောဂါကာကွယ်ဆေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှု အခြေအနေ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ်သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘီလ်ရစ်ချက်ဆန်သည် ကပ်ရောဂါဆိုင်ရာ အထောက်အကူပေးရေးအတွက် အဓိကရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု သီးသန့်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ပြောခွင့်ရက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားထားသည်။

Most Read

Most Recent