နေပြည်တော် မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးကို ဗုံးဖောက်ခွဲခဲ့သူများအား ဖမ်းဆီးရမိ

နေပြည်တော် မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးကို ဗုံးဖောက်ခွဲခဲ့သူများအား ဖမ်းဆီးရမိ
Published 16 November 2021

နေပြည်တော် မြို့မစျေးနှင့် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးကို ဗုံးဖောက်ခွဲခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ဥတ္တရသီရိမြို့နယ်၊ B-4 လမ်းမကြီး၊ ဓာတ်အားခွဲရုံအနီးရှိနေအိမ်မှ တင်ကိုငြိမ်း (ခ) ရွှေကောင်း (၄၈) နှစ်နှင့် ခင်မောင်ရင် (၃၇) နှစ်တို့အား ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရသည့် လက်လုပ်သေနတ်လေးလက်၊ ၅.၅၆ မမကျည် ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း/ဂျာစီများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဥတ္တရသီရိမြို့နယ်၊ စည်သာအေးရွာ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးအနီးရှိ ခင်မောင်ရင်၏ နေအိမ်မှ လက်လုပ်မိုင်းနှစ်လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တရားခံ တင်ကိုငြိမ်း (ခ) ရွှေကောင်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၃ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ် (၉၄) ၊ အခန်းအမှတ် (၁၄) သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ပြောက်ကျားယူနီဖောင်းများ၊ NLD ပါတီတံဆိပ်ပါ အကျႌများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ စက်မှု(၁) အုတ်စက်ရှေ့၊ အိမ်အမှတ် (၃၈၅) နေ ဇော်မင်းအောင်ထံ အပ်နှံထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းအောင် (၃၉) နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် တရားခံဇော်မင်းအောင်၏ ထွက်ဆိုချက်အရ တင်ကိုငြိမ်း (ခ) ရွှေကောင်းနှင့် ခင်မောင်ရင်တို့အား ဖမ်းဆီးရရှိသည့် ဖြစ်စဉ်သတင်းနှင့် မှတ်တမ်းဓာတ်ပုံများအား မင်းကုန်းကျေးရွာနေ သိန်းဝင်းက ဇော်မင်းအောင်အားပြသ၍ တိမ်းရှောင်စေရန် ပြောကြားခဲ့ကြောင်း သိရှိရသဖြင့် သိန်းဝင်း (၅၀) နှစ်အား ထပ်မံဖမ်းဆီးခဲ့ကြောင်း ပါရှိသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျားလေးဦးအား လက်လုပ်သေနတ် လေးလက်၊ ၅.၅၆ ကျည် ၁၀ တောင့်၊ လက်လုပ်မိုင်းနှစ်လုံး၊ ပြောက်ကျားယူနီဖောင်း/ဂျာစီများ၊ NLD ပါတီတံဆိပ်ပါ အကျႌများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံခင်မောင်ရင်သည် ဧပြီလခန့်တွင် ပျဉ်းမနားမြို့နယ်၊ အဝေရာဆည်အနီး၌ နေပြည်တော် PDF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်းနှင့် ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှူး စိုင်းဝင်းနိုင်ဦး (ဖမ်းဆီးရန်ကျန်) မှ ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ကို ဟန်မင်းထွန်း (ဖမ်းဆီးရန်ကျန်) အား ဖွဲ့စည်းစေပြီး ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း၊ နေပြည်တော် PDF အဖွဲ့အနေဖြင့် NUG မှ ရည်မွန်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိပြီး ၎င်း၏ညွှန်ကြားချက်များအတိုင်း ဖောက်ခွဲရေးလုပ်ငန်းများ၊ ဒလန်ရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ရကြောင်း ဖော်ထုတ်သိရှိရသည်ဟု ဖော်ပြထားသည်။

တရားခံ တင်ကိုငြိမ်း (ခ) ရွှေကောင်း၏ ထွက်ဆိုချက်အရ ဇွန်တွင် တောင်ငူမြို့နေ ဝေဠု (ဖမ်းဆီးရန်ကျန်) ထံမှ လက်လုပ်သေနတ်လေးလက်၊ MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူခဲ့ကြောင်းနှင့် ဇူလိုင်တွင် အောင်ပန်းမြို့နေ ခွန်သူရ (ဖမ်းဆီးရန်ကျန်) ထံမှ ၅.၅၆ ကျည် ၁၀ တောင့်ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ပါရှိသည်။

ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် မေလတွင် ဟန်မင်းထွန်း၏ စေခိုင်းမှုဖြင့် ခင်မောင်ရင်သည် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ ခေါင်ရည်ဆိုင်ရှေ့တွင် လက်လုပ်မိုင်းတစ်လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၄၃၅၆) အနီး၌ ရပ်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းကြို/ပို့ယာဉ်အား ထမင်းဘူး ရီမုဒ်မိုင်းတစ်လုံးဖြင့်လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ စျေးအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်ကပ်လျက် ရဲကင်းအား လက်လုပ်ဗုံးတစ်လုံးဖြင့်လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) ရဲစခန်းအနီးတွင် လက်လုပ်ဗုံး တစ်လုံးဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းလိုင်းခန်းရှေ့ရှိ ဝန်ထမ်းကြို/ပို့ယာဉ်အား ထမင်းဘူးရီမုဒ်မိုင်းတစ်လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၃ ရက်တွင် ဟန်မင်းထွန်းက ပေးပို့သော MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံးတို့အား တင်ကိုငြိမ်း (ခ)ရွှေကောင်းထံမှ တစ်ဆင့်ရယူ၍ နိုဝင်ဘာ ၆ ရက်တွင် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးအား MG-1 လက်ပစ်ဗုံးဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် မြို့မစျေးအပေါ်ထပ်ရှိ စည်ပင်သာယာစျေး၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent