ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ရှိ ပြည်တော်ပြန်ဘုရားကြီး၌ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ကာလ၌ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကိုဗစ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
“ကိုဗစ်စည်းကမ်းနဲ့အညီပဲ ကျင်းပပြုလုပ်မှာပါ။ မသိုးသင်္ကန်းရက်လုပ်ပူဇော်မယ်။ ကျန်တဲ့အခမ်းအနားတွေတော့ မရှိဘူး။ မီးပူဇော်မှုကိုတော့ လျှပ်စစ်မီးကို အဓိကထားပြီး ပူဇော်မှာပါ။ လဆန်း ၁၄ ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် ၁ ရက်နေ့ပေါ့။ မီးအလှဆင်ပူဇော်မှုလည်း လုပ်ပါမယ်။ ဆီမီးကိုတော့ ရင်ပြင်တော် ကုန်းတော်ပေါ်မှာ ထွန်းညှိပူဇော်ပါမယ်။ မသိုးသင်္ကန်းကတော့ လပြည့်နေ့မတိုင်ခင်ရက်မှာ ချုပ်ပြီး လပြည့်နေ့အရုဏ်မတက်မီ ကပ်လှူမှာပါ။ ဟိုတုန်းကတော့ အခမ်းအနားကြီးတွေ ပြိုင်ပွဲတွေလုပ်တယ်။ မနှစ်ကစပြီး ကိုဗစ်အခြေအနေကြောင့် ပြိုင်ပွဲကြီးတွေ မလုပ်ဖြစ်တော့ဘူး။ ရက်ချုပ်ပူဇော်တာပဲ လုပ်ဖြစ်တော့တယ်” ဟု ဇလွန်ပြည်တော်ပြန်ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောကြားသည်။
“တန်ဆောင်တိုင်ပွဲတော်ရက်မှာ ဘုရားဖူးတွေ အဆင်ပြေအောင် အချိန်တိုးပြီး ဖွင့်ပေးမှာပါ။ ညကျလည်း မှောင်မှ မီးထွန်းတာက ကြည့်လို့ကောင်းတာလေ။ လက်ရှိပုံမှန်ကတော့ မနက် ၆ နာရီဖွင့် ညနေ ၆ နာရီ ပိတ်ပေမဲ့ အဲဒီရက်မှာ ည ၇ နာရီဝန်းကျင်အထိ ဖွင့်ပေးမှာပါ။ ရက်ကန်းရက်မယ့် နေရာမှာတော့ လူပြုံမသွားအောင် လူဦးရေကို ကန့်သတ်ပါမယ်။ ကျန်တဲ့နေရာမှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ နှာခေါင်းစည်းတို့ ဘာတို့နဲ့ ဘုရားဝင်းထဲမှာ လွတ်လပ်စွာ သွားလာနိုင်ပါတယ်” ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။















