ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် စစ်တွေမြို့၌ တွေ့ဆုံစဉ် ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြောကြား

ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် စစ်တွေမြို့၌ တွေ့ဆုံစဉ် ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြောကြား
ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများ တွေ့ဆုံစဉ် (Photo: ANP)
ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများ တွေ့ဆုံစဉ် (Photo: ANP)
Published 15 November 2021

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ရခိုင်ပြည်နယ် အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံမှုတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ဆောင်ရွက်နေသော ရွေးကောက်ပွဲစနစ်ပြောင်းလဲမှုနှင့် ပက်သက်၍ ပါတီ၏ အမြင်သဘောထားကို အသိပေး ဆွေးနွေးမှုရှိခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

“ရွေးကောက်ပွဲစနစ်တစ်ခု ပြောင်းမယ်ဆိုတာကလည်း နိုင်ငံရေးစနစ်တစ်ရပ် အပြောင်းအလဲဖြစ်ဖို့ အရေးကြီးတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ အခုလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေက  ရှုပ်ထွေးနေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်လည်း ရွေးကောက်ပွဲစနစ် ပြောင်းလဲလည်း နိုင်ငံရေးစနစ်တစ်ရပ်ကတော့ အပြောင်းအလဲဖြစ်မယ်လို့ ကျွန်တော်တို့က သိပ်မမြင်သေးဘူးလို့ သူ့ကိုပြောလိုက်တာရှိတယ်” ဟု ဦးသာထွန်းလှက ပြောကြားသည်။

သို့သော် ဂျပန်အစိုးရ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ရွေးကောက်ပွဲကိစ္စရပ်များ ထည့်သွင်းပြောကြားခြင်းမရှိဘဲ တစ်နိုင်ငံလုံးနှင့် ဆိုင်သည့်ကိစ္စရပ်များကို ၎င်းအနေဖြင့် လေ့လာရဦးမည့် သဘောသာပြန်လည်ပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။

“သူ့ဘက်ကတော့ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီးတော့ ဘာမှပြောဆိုခဲ့တာ မရှိဘူး။ ကျွန်တော်တို့ဘက်ကသာ အခု နစက ကောင်စီက ငြိမ်းချမ်းရေးကို NCA စာချုပ်အတိုင်းသွားမယ်။ ရွေးကောက်ပွဲအသစ်တစ်ခု ပြုလုပ်လိုတဲ့ ဆန္ဒရှိတယ်လို့ ကျွန်တော်တို့ အဲဒီလို သုံးသပ်တယ်လို့ သူ့ကို အသိပေးလိုက်တယ်” ဟု ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာ ၁၃ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် နိုဝင်ဘာ ၁၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်အမျိုးသားပါတီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မစ္စတာဆာဆာကာဝါက ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်နေချိန် စစ်ဘေးရှောင်များအား အကူအညီပေးလို၍ လာရောက်ခြင်းဖြစ်ပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားမှု မရှိစေရန် အသိပေးလိုသည့် ဆန္ဒလည်းပါဝင်ကြောင်း ပြောကြားသည်ဟု  ရခိုင်အမျိုးသားပါတီက ဆိုသည်။

“ရခိုင်ပြည်နယ်မှာ တစ်စုံတစ်ရာတိုက်ပွဲမရှိဘဲနဲ့ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ အရေးကြီးတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့အချိန်အထိ တည်တည်ငြိမ်ငြိမ်ရှိနေဖို့  အရေးကြီးတယ်လို့ မြင်တယ်လို့ သူ့အနေနဲ့ပြောတယ်” ဟု ဦးသာထွန်းလှက ပြောကြားသည်။

ထိုသို့ တွေ့ဆုံမှုတွေ ရခိုုင်အမျိုးသားပါတီက လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း  တိုက်ပွဲဖြစ်ပွားမှုမရှိခြင်းကြောင့် လွတ်လပ်မှု တစ်စုံတစ်ရာရှိသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကြောင့် ရခိုင်ပြည်နယ်ရှိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲသည့်ပြဿနာ၊ အလုပ်အကိုင်ခက်ခဲမှုများနှင့် ကုန်စည်ပို့ဆောင်ရေးများတွင် တိုက်ပွဲကာလများကဲ့သို့ ကန့်သတ်မှုအချို့  ကြုံတွေ့ရသည့်  ပြဿနာများရှိနေကြောင်း အသိပေးတင်ပြခဲ့သည်ဟု ယင်းပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက  ပြောကြားသည်။

ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါသည် နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၁၇ ရက်တွင် တိုင်းရင်သား နိုင်ငံရေးပါတီများနှင့်  ဆက်လက်တွေ့ဆုံရန်ရှိကြောင်း သိရသည်။

Most Read

Most Recent