ဘီယွန်းဆေးက Be Alive အမည်ဖြင့် သီချင်းသစ် ထွက်ရှိ

ဘီယွန်းဆေးက Be Alive အမည်ဖြင့် သီချင်းသစ် ထွက်ရှိ
Photo: Time Magazine
Photo: Time Magazine
Published 13 November 2021

အသက် ၄၀ ရှိပြီဖြစ်သည့် ဘီယွန်းဆေးက နိုဝင်ဘာ ၁၂ ရက်တွင် Be Alive အမည်ဖြင့် သီချင်းသစ်ထွက်ရှိထားသည်။ တစ်နှစ်ကျော်အတွင်း ပထမဆုံးသီချင်းသစ် ထွက်လာမှုဖြစ်ပြီး King Richard ရုပ်ရှင်ဇာတ်ကားသစ်အတွက် သီဆိုပေးထားခြင်းဖြစ်သည်။

တင်းနစ်အကျော်အမော် Venus Williams နှင့် Serena Williams တို့၏နည်းပြလည်းဖြစ်၊ ဖခင်လည်းဖြစ်သည့် Richard Willians အကြောင်း ရိုက်ကူးထားသည့် အတ္ထုပ္ပတ္တိရုပ်ရှင် King Richard တွင် Richard Williams နေရာမှ Will Smith က သရုပ်ဆောင်ထားပြီး Venus Williams အဖြစ် Saniyya Sidney ၊ Serena Williams အဖြစ် Demi Singleton တို့က ပါဝင်သရုပ်ဆောင်ထားသည်။

King Richard ကို နိုဝင်ဘာ ၁၉ ရက်တွင် စတင်ရုံတင်မည်ဖြစ်ကာ ထိုနေ့မှာပင် HBO Max တွင်လည်း Streaming ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထိုဇာတ်ကားကို အမေရိကန်ဒါရိုက်တာ Reinaldo Marcus Green က ဖန်တီးထားသည်။

ဇာတ်ဝင်သီချင်းဖြစ်သည့် Be Alive သီချင်းမထွက်မီ ဘီယွန်းဆေး နောက်ဆုံးထွက်ထားသည့်သီချင်းက Black Parade ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇွန် ၁၉ ရက်က ထွက်ခဲ့သည်။ Be Alive သီချင်းထဲတွင် Williams မိသားစုနှင့် ၎င်းတို့၏ ကြိုးစားအောင်ပန်းဆင်နိုင်မှုများကို ဂုဏ်ယူဖွယ်ရာ ရေးစပ်ထားပြီး ဘီယွန်းဆေး၏ အသံပါ၀ါကောင်းကောင်းကို နားဆင်ရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် Lemonade တေး အယ်လ်ဘမ်ခွေထွက်လာပြီးနောက်ပိုင်း ဘီယွန်းဆေး၏ ဂီတလှုပ်ရှားမှုများ  အတော်နည်းသွားပြီး လှုပ်ရှားမှုတစ်ခုနှင့်တစ်ခု အလှမ်းဝေးနေခဲ့သည်။

Most Read

Most Recent