အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာမှုရှိစေရေး နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာမှုရှိစေရေး နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 11 November 2021

အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာမှုရှိစေရေး နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုဇုန်နယ်မြေသို့ နိုဝင်ဘာ ၁၀ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရပ်နားထားရသည့် စက်များပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံများအလိုက် စက်ပစ္စည်းများအား မလိုလားအပ်ဘဲ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ မြန်မာ့လျှပ်စစ်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် ကုန်ကြမ်းများကိုအသုံးပြု၍ စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ထုတ်လုပ်နိုင်ပါက ပြည်ပငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

ထို့ပြင် လျှပ်စစ်ဓာတ်အားများအား တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှု မရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်၊ အခြေခံပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲခများ သက်သာမှုရှိစေရေး စွမ်းအင်ချွေတာနိုင်သည့် လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရေး ပညာပေးခြင်းနှင့် တိုက်တွန်းခြင်းများ ဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲ ခများနှင့် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာမှုရှိစေရေး နှိုင်းယှဉ်သုံးသပ် ဆောင်ရွက်သွားရန်နှင့် ကျေးရွာများတွင် ထင်းသုံးစွဲ၍ချက်ပြုတ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် ထင်းသုံးစွဲမှုလျှော့ချပေးရန် လိုအပ်ကြောင်း၊ ထင်းသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်၍ ဓာတ်အားသုံးစွဲခများ သက်သာစွာရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။

ထို့အတူ တစ်အိမ်ထောင်လျှင် ယူနစ် ၁၀၀ ခန့်သာသုံးစွဲပါက ခန့်မှန်းဓာတ်အားသုံး စွဲခငွေကျပ် ၆၀၀၀ ဝန်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာများတွင် လျှပ်စစ်မီးရရှိစေရေးအတွက် ဆိုလာစနစ်များ တပ်ဆင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများဖြင့် အိမ် သုံးလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲနိုင်ရေးဆောင်ရွက်ရန်နှင့် လိုအပ်လျက်ရှိသည့် ဆိုလာပြားများအား ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း AMI စနစ်သုံး မီတာများ ရာနှုန်းပြည့် ပြောင်းလဲတပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်နှင့် မန္တလေးမြို့တွင်လည်း AMI စနစ်သုံး လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်သွားရန်၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း တပ်ဆင်နိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီတာများ အရည်အသွေး အဆင့်မြင့်မားမှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးတို့အား ဆောင်ရွက် သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အင်းတကော်စက်မှုဇုန်နယ်မြေ ရှင်းလင်းဆောင်တွင်  မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက အင်းတကော်စက်မှုနယ်မြေ အခြေအနေများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီတာများ လိုအပ်မှုအခြေအနေများ၊ လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်း တင်ပြမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။                    

အလားတူ EVER Meter စက်ရုံ CEO ဦးမျိုးအောင်က Digital Meter များ ထုတ်လုပ်နေမှုနှင့် ၂၀၁၅ ခုနှစ်မှစ၍ AMI စနစ် ဖြင့် လျှပ်စစ်မီတာများ တပ်ဆင်ဆောင်ရွက်၍ Automatic Billing System၊ Automatic Reading System များ အသုံးပြုပြီး မီတာခများကောက်ခံမှုနှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Control Center  မှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အဆင့်မြင့်မီတာများ ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ Analog Meter များနှင့် ပြည်ပမှတင်သွင်းသည့် ဆက်သွယ်ရေးစနစ် မပါရှိသည့် ဒစ်ဂျစ်တယ်မီတာများ၏ အားနည်းချက်များနှင့် AMI စနစ်တပ်ဆင်ထားသည့် မီတာများဖြင့် လဲလှယ်တပ်ဆင်နိုင်ရေး လိုအပ်ချက်ရှိသည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများမှာ ယခင်က ပျမ်းမျှ ၁၆ ရာခိုင်နှုန်းခန့်အထိရှိခဲ့ ရာမှ ယခု AMI စနစ် တပ်ဆင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဓာတ်အားပျောက်ဆုံးမှုပျမ်းမျှ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့မှုအခြေအနေများ၊ AMI စနစ်မီတာအသုံးပြုခြင်းဖြင့် လျှပ်စစ်မီတာခများကောက်ခံရာတွင် Mobile Banking  စနစ်များဖြင့် လွယ်ကူစွာချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများအား အထိုက်အလျောက်ထိန်းချုပ် နိုင်မှုနှင့် အခြားမြို့ပြဆိုင်ရာလုပ်ငန်းများတွင်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများအား တင်ပြခဲ့ကြောင်း သိရသည်။

           

Most Read

Most Recent