အိမ်ခြေမဲ့များအတွက်လှုံ့ဆော်မှုအဖြစ် Boxing Day ပွဲစဉ်တွင် အဝေးကွင်းဝတ်စုံများဝတ်ရန် ကလပ်များစီစဉ်နေခြင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ် လက်မခံ

အိမ်ခြေမဲ့များအတွက်လှုံ့ဆော်မှုအဖြစ် Boxing Day ပွဲစဉ်တွင် အဝေးကွင်းဝတ်စုံများဝတ်ရန် ကလပ်များစီစဉ်နေခြင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ် လက်မခံ
Photo: Sky Sports
Photo: Sky Sports
Published 11 November 2021

လာမည့်ဒီဇင်ဘာလ ခရစ္စမတ်နေ့ရက်အပြီးကစားမည့်  Boxing Day ပွဲစဉ်တွင် အိမ်ကွင်းကစားမည့် ပရီးမီးယားလိဂ်အသင်းများက အိမ်ကွင်းဝတ်စုံဝတ်ဆင်ခြင်းမပြုဘဲ အဝေးကွင်းဝတ်စုံများဝတ်ရန်  စီစဉ်နေခြင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

အိမ်ခြေမဲ့များအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Shelter က Boxing Day ရက်သတ္တပတ်ပွဲစဉ်တွင် ပရိသတ်များကို အိမ်ခြေယာခြေမဲ့များနှင့် ပတ်သက်၍ အသိတစ်ခုပေးနိုင်ရန် ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့် ပူးaပါင်းပြီး ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

ဒီဇင်ဘာလ(၂၆/ ၂၇)ရက်နေ့များတွင် ကစားမည့် ယင်း Boxing Day ရက်သတ္တပတ်ပွဲစဉ်၌ အိမ်ကွင်းလက်ခံကစားရမည့် ပရီးမီးယားလိဂ်အသင်းများသည် အိမ်ကွင်းပွဲစဉ်တွင် အဝေးကွင်းဝတ်စုံဝတ်ဆင်ခွင့်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ တင်ပြခဲ့ရာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်တာဝန်ရှိသူများက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပယ်ချခံရခြင်းအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများမှာ အံ့အားသင့်ခဲ့ကြပြီး အဆိုပါဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ကြောင်းလည်း သိရသည်။

ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ပြုလုပ်နေသည့် မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

၎င်းက ''အိမ်ခြေမဲ့တွေအတွက် လူတွေကို အသိတစ်ခုပေးပြီး ရန်ပုံငွေရှာဖွေမယ့် အစီအစဉ်အတွက် တောင်းဆိုမှုကို ပယ်ချတာက စိတ်ကူးယဉ်ဆန်ပါတယ်။ ကလပ်အသင်းတွေက ဖိဖိစီးစီးတောင်းဆိုလာခဲ့ရင် သူတို့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ရမှာပါ''ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်တာဝန်ရှိသူများက ယင်းတောင်းဆိုမှု (အိမ်ကွင်းကစားမည့် အသင်းများက အဝေးကွင်းဝတ်စုံ ဝတ်ဆင်မည့်တောင်းဆိုမှု)မှာ ပရီးမီးယားလိဂ်စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်နေကြောင်း၊ အကယ်၍ ယင်းကဲ့သို့ ပြုလုပ်မည်ဆိုပါက လက်ရှိစည်းမျဉ်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

လက်ရှိအချိန်တွင် ယင်းကိစ္စအတွက် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့်မူ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် အလားအလာနည်းပါးကြောင်း သိရသည်။

အကယ်၍ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အလျှော့မပေးပါက အချို့သော ကလပ်အသင်းများသည် စည်းမျဉ်းစည်းကမ်းများကို ဖီဆန်ကာ  အိမ်ကွင်း၌ အဝေးကွင်းဝတ်စုံများဝတ်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent