မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂသံတမန်၊ အာဆီယံသံတမန်တို့နှင့် စေ့စပ် ဆွေးနွေးရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်တိုက်တွန်း

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂသံတမန်၊ အာဆီယံသံတမန်တို့နှင့် စေ့စပ် ဆွေးနွေးရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်တိုက်တွန်း
နိုဝင်ဘာ  ၂ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလ်ရစ်ချက်ဆန်တို့ တွေ့ဆုံနေစဉ်
နိုဝင်ဘာ ၂ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလ်ရစ်ချက်ဆန်တို့ တွေ့ဆုံနေစဉ်
Published 6 November 2021
Ref: AP

မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ပေးရန်နှင့် အကူအညီပေးအပ်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ခဲ့သော သီးသန့်လူသားစာနာမှုဆိုင်ရာ မစ်ရှင်ပြီးဆုံးသွားခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်ဟောင်းဘီလ်ရစ်ချက်ဆန်သည် နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။

“ကျွန်တော်ဆွေးနွေးခဲ့တဲ့အချက်တွေမှာ အဓိကထားခဲ့တဲ့အချက်တွေကတော့ မြန်မာနိုင်ငံကို COVAX ကနေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို မြန်မြန်ဆန်ဆန်ပို့ပေးနိုင်ဖို့ တိကျတဲ့နည်းလမ်းတွေ ဖော်ထုတ်ဖို့နဲ့ COVID-19 စတုတ္ထလှိုင်းဖြစ်လာမယ့်အရေး လျော့ပါးအောင် ကူညီဖို့ဖြစ်ပါတယ်” ဟု ၎င်း၏ Richardson Center for Global Engagement က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ရစ်ချက်ဆန်က ပြောကြားထားသည်။

COVAX သည် ဝင်ငွေနိမ့်ကျသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ထောက်ပံ့ပေးရာတွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဖြန့်ဖြူးမှုညီမျှစေရန် ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသော ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။     

ခရီးစဉ်အတွင်း ရစ်ချက်ဆန်သည် မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အခြားထိပ်တန်းတာဝန်ရှိသူများ၊ ပြည်ပသံတမန်အဖွဲ့များ၏ အဖွဲ့ဝင်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အသီးသီးတွေ့ဆုံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ၎င်းက တိကျသော လူသားချင်းစာနာမှုဆိုင်ရာ အစီအမံများကို အကြုံပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး  အဓိကအားဖြင့် ဝေးလံသောဒေသများသို့ အကူအညီများ ပို့ဆောင်ပေးရာတွင် အထောက်အကူပြုရေးကို အကြုံပြုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စွမ်းအင်ဝန်ကြီးအဖြစ်လည်းကောင်း၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သော ရစ်ချက်ဆန်က ကုလသမဂ္ဂသံတမန်၊ အာဆီယံသံတမန်တို့နှင့် စေ့စပ်ဆွေးနွေးရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့ပြီး လက်တလောချောင်ပိတ်မိနေသည့် အနေအထားအဆုံးသတ်ရေး ဖန်တီးမှုရှိသော ဖြေရှင်းချက်များကို အကြံပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရစ်ချက်ဆန်စင်တာအတွက် အလုပ်လုပ်ပေးခဲ့ဖူးသော မြန်မာနိုင်ငံမှ မအေးမိုးအား အကျဉ်းထောင်မှ ပြန်လွတ်စေရန် ဆောင်ရွက်ပေးခဲ့သည်ဟု ရစ်ချက်ဆန်က ပြောကြားခဲ့သည်။

တပ်မတော်ကဖွဲ့စည်းထားသော မြန်မာအစိုးရသည်  အာဏာလွှဲယူခဲ့ပြီးနောက်ပိုင်း လူ ၉၇၀၀ ကျော်ကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။        

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံက ပြင်းထန်သောပဋိပက္ခကို ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်ခြင်း မရှိဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရအဖွဲ့ ပြုတ်ကျခဲ့သည့် ဖေဖော်ဝါရီလတွင် တပ်မတော်၏ နိုင်ငံတော် အာဏာလွှဲပြောင်းယူမှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့်  အခြေအနေသည် ပိုမိုဆိုးရွားခဲ့သည်။

တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုကို ဆန့်ကျင်မှုသည် အစပြိုးသောင်းကျန်းမှု အဖြစ်ကြီးထွားလာခဲ့ရာ ပြည်တွင်းစစ်အဖြစ် အသွင်ပြောင်းသွားနိုင်သည်ဟု ကုလသမဂ္ဂတာဝန်ရှိသူအချို့က သတိပေးထားသည်။

Most Read

Most Recent