ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ဖြင့် နိုဝင်ဘာ ၈ ရက်မှစ၍ ပြောင်းလဲကျင့်သုံးမည်

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ဖြင့် နိုဝင်ဘာ ၈ ရက်မှစ၍ ပြောင်းလဲကျင့်သုံးမည်
Published 4 November 2021

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၏ လက်အောက်ခံရုံးအားလုံး၌ ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ဖြင့် နိုဝင်ဘာ ၈ ရက်မှစ၍ ပြောင်းလဲကျင့်သုံးမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်ခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၏ လက်အောက်ခံရုံးအားလုံးတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးစောင်ရေ များပြားလာသည့်အတွက် လုပ်ငန်းဆောင်ရွက်သည့် ပြည်သူများအချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်းရမှု မရှိစေရေး ၊ ရုံးဝင်းအတွင်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေးနှင့် COVID-19 ရောဂါ ကူးစက်မှုများကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယာဉ်မောင်းလိုင် စင် သက်တမ်းတိုးရက်ချိန်းကြိုတင်စာရင်း သွင်းသည့်စနစ် (Online booking System)) ကို နိုဝင်ဘာ ၈ ရက် (တနင်္လာနေ့) မှစတင်၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သက်တမ်းတိုးလိုသူများ အနေဖြင့်  မိမိ၏ယာဉ်မောင်းလိုင်စင်သက် တမ်းတိုးလိုသည့်ရက်များကို နိုဝင်ဘာ ၅  ရက် (သောကြာနေ့) မှ၍ www.rtad.gov.mm Websiteတွင် Online Booking ကို အနည်းဆုံး တစ်ရက်မှ အများဆုံး  ၃၀ ရက် အထိ ကြိုတင်ရယူနိုင်ကြောင်း  Online Booking System အား ‘က’၊ ‘က-၁’၊ ‘ခ’၊ ‘ဃ’၊ ‘င’ သက်တမ်းတိုး ယာဉ်မောင်းလိုင်စင်များ အတွက်သာ ဆောင်ရွက်ရန်ဖြစ်ပြီး  ‘သ’၊ ‘ဂ’၊ ‘ဌ’၊ ‘စ’၊ ‘ဟ’ သက်တမ်းတိုးမည့် ယာဉ်မောင်း လိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက်မိတ္တူ ဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များ သည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းသာ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရုံးဖွင့်ရက်တစ်ရက်လျှင် နံနက် ၈ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အထိ လေးကြိမ်ခွဲ၍  လိုင်စင်အစောင် ၉၇၀  စောင်အထိ  ရန်ကုန် (အရှေ့၊ အနောက်၊ မြောက်၊ တောင်) စသည့် ခရိုင်ရုံးများအလိုက် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Most Read

Most Recent