ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် PCG အဖွဲ့ ၊ ကချင်ဘာသာရေး ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ဆွေးနွေး

ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် PCG အဖွဲ့ ၊ ကချင်ဘာသာရေး ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ဆွေးနွေး
Published 2 November 2021

ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (NSPNC) နှင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ၊ ကချင်ဘာသာရေး ခေါင်းဆောင်များ နိုဝင်ဘာ ၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

“ကျွန်တော်တို့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို IDP တွေ နေရပ်ပြန်နိုင်ရေးအတွက်ပေါ့။ တပ်မတော်အစိုးရ ကနေပြီးတော့ နဂိုလုပ်ထားတဲ့ IDP တွေ နေရပ်ဒေသ ပြန်နိုင်ရေးအတွက် လုပ်ရမယ့် သူတို့အိမ်၊ အဆောက်အဦတွေ ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကူညီထောက်ပံ့ဖို့အတွက် ဘယ်လိုကူညီ ဘယ်လိုပံ့ပိုးလုပ်ရမလဲ ဆိုတဲ့အပေါ်မှာ ဒီ IDP တွေက အဓိက ကတော့ ဒီဘာသာရေး အသင်းအဖွဲ့တွေရဲ့ အသင်းသူ၊ အသင်းသားတွေ ဖြစ်တယ်လေ။ အဲဒီလို သူတို့ရဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီဘာသာရေး ဆရာတွေကို ခေါ်တာ။ ခေါ်ပြီးတော့မှ IDP တွေ ဘယ်လိုပြန်မလဲ၊ ဘယ်လိုကူညီကြမလဲ ဆိုတဲ့ဟာကို ညှိနှိုင်းဆွေးနွေးဖို့အတွက် သူတို့ခေါ်တာ ဖြစ်တယ်”ဟု အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်၍ မြစ်ကြီးနားအခြေအစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (NSPC) တွင် ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံပွဲသို့ ကချင်ဘာသာရေးအသင်း ခေါင်းဆောင်များ တက်ရောက်နိုင်ရေးအတွက် PCG က လိုက်ပါ ပို့ဆောင်ပေးသည့် သဘောမျိုးသာဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ယခင်အစိုးရ လက်ထက်တွင် အစိုးရ၊ တပ်မတော်နှင့် ကချင်ဘာသာရေးအသင်းအဖွဲ့များ တွေ့ဆုံ၍ ဆွေးနွေး အကောင်အထည်ဖော်မှုများ ဆောင်ရွက်ထားခဲ့ပြီး ယခုတွေ့ဆုံမှုသည် အဆိုပါ လုပ်ငန်းစဉ်အား ပြန်လည်ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းမျိုး ဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။

“အရင်တုန်းက စထားခဲ့၊ အရင်တုန်းက လုပ်ထားခဲ့တဲ့ အဆက်ပေါ့လေ။ အဲဒါ အခုလုပ်ငန်းတွေ၊ ဘာသာရေး အသင်းအဖွဲ့တွေကနေ သူတို့ လုပ်ဆောင်နေတဲ့ဟာ ဘယ်လောက် အတိုင်းအတာအထိပြီးပြီ၊ နောက်ထပ် ဘာလိုအပ်သေးသလဲ ဘယ်လိုကူညီ ပံ့ပိုးရမလဲ အဲဒါမျိုးတွေ ညှိနှိုင်းဆွေးနွေးတဲ့ သဘောပါပဲ”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်က တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူဦးရေအများအပြားမှာ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ခဲ့ရသည်။

ကချင်စစ်ဘေးရှောင်များ နေရပ်စွန့်ခွာနေရသည်မှာ ၁၀ နှစ်ကျော်လာပြီ ဖြစ်သည့်အတွက် ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သော IDP များ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်တွင် တပ်မတော်က မည်သို့ ကူညီပံ့ပိုးရမည်၊ မည်သည့်အခက်အခဲများ ရှိသည်ဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC က ကချင်ဘာသာရေးအသင်း အဖွဲ့ခေါင်းဆောင်များကို ခေါ်ယူညှိနှိုင်း ဆွေးနွေးသည့် သဘောဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ကချင်ပြည်နယ်ရှိ ခရစ်ယာန် အသင်းတော်များမှ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်များ တက်ရောက်ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent