လာမည့်နှစ်ဖေဖော်ဝါရီလတွင် ကျင်းပမည့် သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲတွင် ကာကွယ်ဆေးမထိုးထားသည့် အားကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဟူသော သတင်းများအား ပြိုင်ပွဲလက်ခံကျင်းပမည့် မဲလ်ဘုန်းမြို့တည်ရှိသည့် ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီယဲလ်အန်ဒရူးစ်က ငြင်းဆန်ပယ်ချခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ကာကွယ်ဆေးမထိုးသည့် ပြိုင်ပွဲဝင်တင်းနစ်အားကစားသမားများကို ကျွမ်းကျင်လုပ်သား ခရီးသွားလာခွင့် အထူးခွင့်ပြုချက်ဖြင့် Quarantine နှစ်ပတ်ဝင်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပြုမည်ဟု အ စောပိုင်းက ကြေညာထားခြင်းဖြစ်သည်။ ဝန်ကြီးချုပ်၏ကြေညာချက်ကို ကိုးကားပြီး အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် (WTA) က ပြိုင်ပွဲအားကစားသမားများထံ ပေးပို့သည့် အီးမေးလ်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေးမထိုးထားသူများကို Quarantine အပြင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးသွားမည်ဟု ရေးသားခဲ့သည်။
သို့သော် အန်ဒရူးစ်က ဝန်ကြီးချုပ်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပြီး ဗစ်တိုးရီးယားပြည် နယ်အနေဖြင့် ကာကွယ်ဆေးမထိုးထားသည့် တင်းနစ်ကစားသမားများကို မည်သည့်ခွင့်ပြုချက်မျှ ပေးလိမ့်မည်မဟုတ် ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။ ဝန်ကြီးချုပ် မော်ရစ်ဆင်က ခွင့်ပြုချက်ပေးမည်ဟု ပြောကြားအပြီး နာရီပိုင်းအကြာတွင် အန်ဒရူးစ်ဘက်မှ တုံ့ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
ကာ ကွယ်ဆေးထိုးမထားသူများကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်မှု အတည်ဖြစ်ခဲ့လျှင် အမျိုးသားတင်းနစ် ကမ္ဘာ့အဆင့်ထိပ်ဆုံး(၃)ဦး ဖြစ်သည့် ဂျိုကိုဗစ်၊ ဆစ်ဆီပတ်စ်၊ မက်ဗီဒက်ဗ်စသည့် နာမည်ကြီးတင်းနစ်သမားများမှာ သြစတြေးလျအိုးပင်းပြိုင်ပွဲနှင့် လွဲ ချော်ရမည်ဖြစ်ကြောင်း သိရသည်။
အန်ဒရူးစ်က ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုမည့် ပရိသတ်များပင်လျှင် ကာကွယ်ဆေးထိုးထားပြီးဖြစ်ရမည့်အချက်ကို ထောက်ပြခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်သူ အဲလက်ဟော့ခ်နှင့် အမြင်တူကာ ကစားသမားအနေဖြင့် ကာကွယ်ဆေးထိုးသင့်သည်ဟု အစောပိုင်းက ပြောကြားထားသည်။ အစောပိုင်းတွင် WTA ကစားသမားကောင်စီက ပြိုင်ပွဲဝင်အားလုံးအနေဖြင့် ဇန်နဝါရီလတွင် မဲလ်ဘုန်းသို့ သွားရောက်နိုင်ကြောင်း သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သြစတြေးလျတင်းနစ်အဖွဲ့ချုပ်သည် တိုင်းပြည်အတွင်းသို့ ဝင်ရောက်မှုစည်းမျဉ်းများမှာ ပြိုင်ပွဲအမီ ပြောင်းလဲလာလိမ့်မည်ဟု ယူဆထားကြောင်းလည်း WTA ကောင်စီက ပြောကြားခဲ့သည်။ ကာကွယ်ဆေးမထိုးရသေးသည့် တင်းနစ်အားက စားသမား အမြောက်အမြားရှိနေပြီး အမျိုးသားများ ယှဉ်ပြိုင် သည့် ATP Tour တွင် ကာကွယ်ဆေး(၂)ကြိမ်ထိုးထားပြီးသူ (၃၅) ရာခိုင်နှုန်းနှင့် WTA Tour တွင် (၄၀)ရာခိုင်နှုန်းသာရှိ ထားကြောင်း သိရသည်။
သြစတြေးလျအိုးပင်းပြိုင်ပွဲကို လာမည့်နှစ် ဖေဖော်ဝါရီလ (၈)ရက်မှ (၂၁)ရက်အထိ မဲလ်ဘုန်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။















