စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်ဖွင့်ချိန်များကို ကန့်သတ်ထားခြင်းအား ဖယ်ရှားတော့မည်ဖြစ်ပြီး အားကစားလေ့ကျင့်ရာနေရာများ၊ချွေးထုတ်ခန်းများ၊ ဘားများကဲ့သို့သော ကူးစက်မှုအန္တရာယ်မြင့်မားသော နေရာများအတွက် နိုင်ငံ၏ပထမဆုံးကာကွယ်ဆေးပတ်စ်ပို့ကို အကောင်အထည်ဖော်သွားမည်ဟု ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ နေထိုင်ရန်ကြိုးစားနေသော တောင်ကိုရီးယားနိုင်ငံက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပထမအဆင့် အကောင်အထည်ဖော်မှုသည် နိုဝင်ဘာ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်၍ တစ်လကြာမြင့်မည်ဖြစ်သည်။ ထို့နောက် ကန့်သတ်ချက်အားလုံးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖယ်ရှားရန်စီစဉ်ထားသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“နိုဝင်ဘာ ၁ ရက်ကစလို့ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းဟာ ပုံမှန်ဘဝကို ပြန်လည်စတင်မယ့် ပထမဆုံးခြေလှမ်းကို လှမ်းတော့မှာ ဖြစ်ပါတယ်” ဟု ရုပ်သံက ထုတ်လွှင့်ပေးခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်ကင်ဘိုကွမ်းက ပြောကြားခဲ့သည်။
“ဒါပေမဲ့ ဒီလိုလုပ်ဆောင်တာဟာ ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေး ပြီးဆုံးသွားပြီဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဒါပေမဲ့ နိဒါန်းသစ်တစ်ခုဖြစ်ပါတယ်” ၎င်းကပြောကြားခဲ့သည်။
အဆိုးဆုံးဖြစ်ပွားနေသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှင့် သေဆုံးမှုနည်းနေသော်လည်း တောင်ကိုရီးယားသည် နေ့အလိုက်ကူးစက်မှုမြင့်တက်နေချိန်တွင် စည်းကမ်းချက်ဖြေလျှော့မှုများ လုပ်ဆောင်ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သောသီတင်းပတ်တွင် မိမိပြည်သူ ၅၂ သန်း၏ ရာခိုင်နှုန်း ၇၀ ကို ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းချက်ပြည့်မီခဲ့ခြင်းကပုံမှန်အနေအထားသို့ ပြန်သွားရန် လမ်းပွင့်သွားစေခဲ့သည်။ ယခုအခါ တောင်ကိုရီးယားပြည်သူ ၇၂ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုခံယူထားပြီဖြစ်ပြီး ပြည်သူ ၇၉.၈ ရာခိုင်နှုန်းကျော်ကို အနည်းဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပေးထားပြီး ဖြစ်သည်။
အစိုးရသည် လူစုလူဝေးပြုလုပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေသော စည်းကမ်းချက်များကို တင်းကြပ်ခဲ့သည့် ဇူလိုင်လကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတုတ္ထလှိုင်းနှင့်ရင်ဆိုင်နေသော နိုင်ငံဖြစ်သည်။ သို့ရာတွင် တောင်ကိုရီးယားအစိုးရသည် လော့ဒေါင်းချခဲ့ခြင်းမရှိပေ။
ပြင်ပတွင်ပြုလုပ်သောအားကစားပွဲများကို ပရိသတ် ၅၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားသည်။ ကာကွယ်ဆေးထိုးနှံမှု အနေအထားနှင့်မဆိုင်ဘဲ လူ ၁၀၀ အထိ ဂီတပွဲများ၊ ဖျော်ဖြေပွဲများကို ကြည့်ရှုနိုင်သည်။ကာကွယ်ဆေးထိုးနှံထားသူများကို ရုပ်ရှင်ရုံများထဲတွင် ပြောင်းဖူးပေါက်ပေါက်နှင့် ဆိုဒါသုံးဆောင် ခွင့်ပြုထားပြီး ဘားနှင့်နိုက်ကလပ်များ၊ ကာရာအိုကေဆိုင်များနှင့် အားကစားလေ့ကျင့်ရာနေရာများကဲ့သို့သော ကူးစက်မှုအန္တရာယ် မြင့်မားသောနေရာများကို သွားမည့့်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားပြရန် လိုအပ်သည်။















