COVID-19 ကပ်ရောဂါကို ကျော်လွှားရန် ၎င်း၏ အစီအစဉ်အတွက် လာမည့် ၁၂ လအတွင်း ဒေါ်လာ ၂၃.၄ ဘီလျံလိုအပ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့ပြီး ဂျီ ၂၀ နိုင်ငံများအနေဖြင့် ခေါင်းဆောင်မှုပိုင်းကို ပြသရန်နှင့် ငွေကြေးထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။
ဆင်းရဲသောနိုင်ငံများအား ကပ်ရောဂါအတွင်း မျက်နှာလွှဲထားမည်မဟုတ်ဟု WHO အကြီးအကဲ တက်ဒရို အက်ဒါနွန် ဂေဘရီယေဆုက ယခုသီတင်းပတ်အတွင်း အီတလီနိုင်ငံ ရောမမြို့တော်တွင် ပြုလုပ်သည့် ဂျီ ၂၀ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
COVID-19 ကာကွယ်ဆေးများ၊ စမ်းသပ်မှုများနှင့် ကုသမှုများအတွက်စိတ်ချ သေချာစေရန် ငွေကြေးလိုအပ်ပြီး ကပ်ရောဂါအတွင်း နောက်ထပ် လူငါးသန်းသေဆုံးမှုများကို တားဆီးနိုင်ခြေရှိသည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။
ဂျီ ၂၀ နိုင်ငံများသည် ကပ်ရောဂါကို အဆုံးသတ်ရန် လိုအပ်သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကတိကဝတ်များကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု တက်ဒရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ အဆုံးအဖြတ်ပေးတဲ့ အချိန်အခါကို ရောက်ရှိနေပြီး ကမ္ဘာကြီးဘေးကင်း လုံခြုံအောင်လုပ်ဆောင်ဖို့ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုပိုင်း လိုအပ်နေပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။
WHO ဦးဆောင်သည့် Access to Covid Accelerator (ACT - A) အမည်ရှိ COVID-19 အစီအစဉ်သည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ကျော်လွှားရန် စမ်းသပ်မှု၊ ကုသမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှု၊ ဖြန့်ချိမှုများအတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ယင်းအစီအစဉ်အတွက် လိုအပ်သည့် ဒေါ်လာ ၂၃.၄ ဘီလျံသည် ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေါ်လာထရီလျံနှင့်ချီသည့် စီးပွားရေး ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သည့် ပမာဏဖြစ်သည်ဟု WHO က ပြောကြားခဲ့သည်။
“ACT - A ကို ရန်ပုံငွေ အပြည့်အဝ ထောက်ပံ့တာဟာ ကျွန်တော်တို့ အားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုအတွက် အလွန်အရေးကြီးပြီး အခုအချိန်ကစပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။
ယခုတောင်းဆိုချက်သည် ချမ်းသာသောနိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများအကြား ကာကွယ်ဆေး ထိုးနှံမှုအလွန်ကွာဟနေမှုနှင့် ပတ်သက်ပြီး ကာကွယ်ဆေးသာတူညီမျှမှုရရှိစေရန် ယခင်ကြိုးပမ်းချက်များကဲ့သို့ပင် ထိတ်တိုက်တွေ့မည့်အလားအလာ ရှိနေသည်။
WHO ၏ အဆိုအရ ဝင်ငွေနိမ့်သည့် နိုင်ငံများတွင် ရောဂါစစ်ဆေးမှုနှုန်းမှာ ၀.၄ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးရရှိမှုနှုန်းမှာ ၀.၅ ရာခိုင်နှုန်းသာရှိပြီး ယင်းသည်ကမ္ဘာ့လူဦးရေ၏ ကိုးရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ဆင်းရဲသော နိုင်ငံများတွင် ကာကွယ်ဆေးထောက်ပံ့မှု ကွာဟနေမှုကို ဖြေရှင်းရန် ACT - A အစီအစဉ်က အဓိကအာရုံစိုက် လုပ်ဆောင်သွားမည်ဟု WHO က ပြောကြားခဲ့သည်။လက်ရှိအချိန်အထိ WHO ၏ COVAX အစီအစဉ်သည် ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးအလုံးရေ ၄၂၅ သန်းကို ဖြန့်ချိပေးနိုင်ခဲ့သည်။















