Facebook က ကုမ္ပဏီအမည်ကို Meta ဟု ပြောင်းလဲ

Facebook က ကုမ္ပဏီအမည်ကို Meta ဟု ပြောင်းလဲ
အောက်တိုဘာ ၂၈ ရက်တွင် Facebook စီအီးအို မာ့ခ်ဇူကာဘက်က ကုမ္ပဏီအမည်ပြောင်းလဲမှုကို အွန်လိုင်းပေါ်မှ ကြေညာနေစဉ်
အောက်တိုဘာ ၂၈ ရက်တွင် Facebook စီအီးအို မာ့ခ်ဇူကာဘက်က ကုမ္ပဏီအမည်ပြောင်းလဲမှုကို အွန်လိုင်းပေါ်မှ ကြေညာနေစဉ်
Published 29 October 2021
Ref: AFP

Facebook က အောက်တိုဘာလ ၂၈ ရက်တွင် ၎င်း၏ကုမ္ပဏီအမည်ကို Meta ဟု ပြောင်းလဲခဲ့ပြီး ယင်းသည် အရှုပ်တော်ပုံများနှင့် ရင်ဆိုင်နေရသည့် Facebook အတွက် အနာဂတ်တွင် ၎င်း၏ပုံရိပ်ယောင်ကမ္ဘာ ဖန်တီးမှုအပေါ် အာရုံလွှဲရန် ကြိုးပမ်းချက်တစ်ရပ် ဖြစ်ခဲ့သည်။

Facebook သည် ၎င်း၏အဆိုးရွားဆုံး အကျပ်တည်းများထဲမှတစ်ခုကို ရင်ဆိုင်နေရချိန်တွင် ယင်းသတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး metaverse ဟု ခေါ်သည့် လက်တွေ့ကမ္ဘာနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကို ပေါင်းစည်းရန် ရည်ရွယ်ချက်များအတွက် ယင်းအမည်ပြောင်းလဲမှုသည် အဓိကကျခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူ ဘီလျံချီရှိသည့် Facebook ၊ Instagram နှင့် WhatsApp တို့မှာ ၎င်းတို့၏ အမည်များအတိုင်း Meta ၏ လက်အောက်တွင် ဆက်ရှိနေမည်ဖြစ်ပြီး ဝေဖန်ရေးသမားများကမူ ယင်းသို့လုပ်ဆောင်ခြင်းသည် Facebook ၏ အားနည်းချက်များကို အာရုံလွှဲရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“လူမှုရေးပြဿနာတွေနဲ့ နီးစပ်တဲ့ ပလက်ဖောင်းတွေအောက်မှာ နေထိုင်ရမှုနဲ့အတူ ရုန်းကန်နေရတာတွေကနေ ကျွန်တော်တို့အများကြီး သင်ယူနိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ သင်ယူခဲ့သမျှအရာအားလုံးကို  လုပ်ဆောင်ဖို့နဲ့ နောက်ထပ်ကဏ္ဍတစ်ခု တည်ဆောက်မှုကို အကူအညီပေးဖို့ အချိန်ဖြစ်ပါတယ်” ဟု စီအီးအိုမာ့ခ်ဇူကာဘက်က နှစ်စဉ်ကျင်းပလေ့ရှိသည့် ညီလာခံတွင် ပြောကြားခဲ့သည်။

“ဒီနေ့ကစပြီး ကျွန်တော်ဂုဏ်ယူစွာ ကြေညာချင်တာကတော့ ကျွန်တော်တို့ကုမ္ပဏီဟာ အခုဆိုရင် Meta ဖြစ်သွားပါပြီ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အရင်ကနဲ့ အတူတူပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်းတွေနဲ့ အမှတ်တံဆိပ်တွေဟာ ပြောင်းလဲခြင်းမရှိဘဲ လူတွေကိုအတူတကွ နီးစပ်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

စစ်မှန်သည့် Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့ဟု အမည်ပေးထားသည့် တက်ကြွလှုပ်ရှားသူများအဖွဲ့နှင့် ဝေဖန်ရေးသမားများကမူ Facebook သည် ဒီမိုကရေစီကို ထိခိုက်နစ်နာစေပြီး သတင်းအမှားများနှင့် အမုန်းတရားများကို ဖြန့်နေကြောင်း ပြောကြားခဲ့သည်။

“သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ အမည်ပြောင်းလဲမှုဟာ Facebook ရဲ့တာဝန်ခံမှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ စည်းကမ်းထိန်းသိမ်းမှုနဲ့ စစ်မှန်ပြီး လွတ်လပ်တဲ့ ကြီးကြပ်မှုတွေကို အာရုံလွဲသွားစေဖို့ မဖြစ်သင့်ပါဘူး” ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။

Facebook ၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဖရန်ဆက်ဟော်ဂန်က Facebook ၏ အလုပ်အမှုဆောင်များသည် အသုံးပြုသူများအား ထိခိုက်နစ်နာစေသည့် အကြောင်းအရာများကို သိရှိခဲ့သော်လည်း လုံလောက်စွာကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အမေရိကန်အာဏာပိုင်များအား စည်းကမ်းထိန်းသိမ်းမှုများကို အသစ်တစ်ဖန်ပြန်လည်စတင်ရန် နှိုးဆော်ရာရောက်ခဲ့ပြီး Facebook သည် ၎င်း၏အဆိုးရွားဆုံး အကျပ်အတည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယင်းဖြစ်စဉ်နှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့်လက Washington Post သတင်းစာတွင် ဖော်ပြချက်အရ metaverse ပုံရိပ်ယောင်ကမ္ဘာတွင် Facebook ၏ အကျိုးစီးပွားသည် မူဝါဒချမှတ်သူများနှင့်အတူ ကုမ္ပဏီ၏ ဂုဏ်သတင်းကို ပြန်လည်ထူထောင်ရန်နှင့် အနာဂတ်အင်တာနက်နည်းပညာများ၏ စည်းကမ်းထိန်းသိမ်းမှုများကို ပုံဖော်ရန် Facebook ကို ပြန်လည်ထိန်းညှိသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

Most Read

Most Recent