လျှပ်စစ်၊ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေး

လျှပ်စစ်၊ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေး
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးစဉ်
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးစဉ်
Published 29 October 2021

လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများစသည်တို့တွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်မည့် အဓိကနယ်ပယ်များဖြစ်သော လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ရေး၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဘိလပ်မြေ၊ သံနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေသြဇာထုတ်လုပ်မှုလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တင်ပို့နိုင်သည့် လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ရုရှား-မြန်မာချစ်ကြည်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ အန်နာ သိုလီဘူလော့ချ်နိကော့က နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအား အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုကို အလေးထားဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် Eurasian အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ ရုရှားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများအား အကောင်အထည်ဖော်ရေးစသည်တို့ ဆွေးနွေးခဲ့သည်။

ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း (RMFAC) နှင့် မြန်မာ - ရုရှား စီးပွားရေးဖွံ့ဖြိုးမှုအသင်း (MRBDA) တို့၏ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ရာ RMFAC ၏ ဒုတိယဥက္ကဋ္ဌ အန်နာသို လီဘူလော့ချ်နိကော့နှင့် တာဝန်ရှိသူများ၊ MRBDA ဥက္ကဋ္ဌဦးသန်းဇော်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ - ရုရှား စီးပွားရေးဖွံ့ဖြိုးမှုအသင်း၏ဥက္ကဋ္ဌတို့က ရုရှား - မြန်မာ နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ရုရှား - မြန်မာ နှစ်နိုင်ငံအကြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာအတူတကွ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာကဏ္ဍ၊ သတ္တုလုပ်ငန်းဆိုင်ရာကဏ္ဍ၊ ခရီးသွားလာရေး လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ၊ သယ်ယူပို့ဆောင်ရေးစသည့်ကဏ္ဍများကို နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အသင်းများအကြား ကုန်သွယ်မှုများ တိုးမြှင့်အကောင်အထည်ဖော်ရန်အတွက် အကြိုညှိနှိုင်းသဘောတူနားလည်မှု စာချွန်လွှာရေးထိုးခဲ့ခြင်းဖြစ်သည်။