တိုင်ဝမ်အတွက် အမေရိကန် ရင်းသင့်၊ မရင်းသင့်

တိုင်ဝမ်အတွက် အမေရိကန် ရင်းသင့်၊ မရင်းသင့်
Published 28 October 2021
မိုးဧအောင်

(Asia Times တွင် ယခုဆောင်းပါးကို ရေးသားခဲ့သော ဒေးဗစ်ပီဂိုးလ်မင်းသည် အမေရိကန် ဘောဂဗေဒပညာရှင်၊ ဂီတဝေဖန်ရေးဆရာ၊ စာရေးဆရာ ဖြစ်ပါသည်။  Spengler  ကလောင်ဝှက်ဖြင့် အာရှတိုင်းမ်တွင် လွှင့်တင်ခဲ့သော အွန်လိုင်းအက်ဆေးများကြောင့် လူသိများထင်ရှားသူလည်း ဖြစ်ပါသည်။ လူဦးရေစာရင်းအင်းနှင့် ဘောဂဗေဒ အချက်အလက်များအပေါ် အာရုံပြုလျက် သရုပ်ခွဲတတ်သူဖြစ်သည်။ ကမ္ဘာအနှံ့ရှိ  CEO များ၊ အဖွဲ့အစည်းအသီးသီးရှိ ရင်းနှီးမြှုပ်နှံသူများကို အကြံပေးလျက်ရှိပြီး၊ Claremont Review of Books၊ Law and Liberty၊ Tablet Magazine၊ The Wall Street Journal၊ First Things  စာနယ်ဇင်းများ၏ ပင်တိုင်စာရေးဆရာလည်း ဖြစ်ပါသည်။)

နိုင်ငံတစ်ခုအဖြစ် တင်းပြည့်ကျပ်ပြည့် မဟုတ်သော တိုင်ဝမ်၏ မရေရာသောအနာဂတ်နှင့် စပ်ဆိုင်သည့် လျှော့ချထားသော အဆင့်အတန်းမှာ သမ္မတရစ်ချတ်နစ်ဆင် ၁၉၇၂ ခုနှစ်အတွင်း တရုတ်ပြည်သို့ လာ ရောက်လည်ပတ်စဉ်ကပင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဖွင့်ပြောရန်မလိုအပ်သည့် သဘောတူညီချက်သဖွယ် ကိစ္စတစ်ရပ်သာ ဖြစ်သည်။

ယခုပစ္စုပ္ပန်ကာလတွင် ကျယ်ကျယ်လောင်လောင် အသံထွက်၍ ပြဿနာတက်နေသော တိုင်ဝမ်အတွက် နိုင်ငံရေးဆိုင်ရာ မည်သည့်အချုပ်အခြာအဆင့်တွင် ရှိနေသည်ဖြစ်စေ၊ ကမ္ဘာပေါ်၌ အနိမ့်ဆုံးမွေးဖွားနှုန်းသို့ ရောက်ရှိနေသော နိုင်ငံဖြစ်သည့်အားလျော်စွာ နောင်နှစ် ၅၀ ကျော်လျှင် လုံးလုံးလျားလျား ကွယ်ပသွားစရာ အကြောင်းရှိနေပါသည်။

စုစုပေါင်းမွေးဖွားနှုန်းဟူသည် အမျိုးသမီးတစ်ယောက်၏ ဘဝတစ်လျှောက် သူမွေးဖွားခဲ့သည့် ရင်သွေးအရေအတွက်ပင်ဖြစ်သည်။ တိုင်ဝမ်၏ ယနေ့လူဦးရေမှာ ၂၃ သန်းရှိပြီး တရုတ်ပြည်မကြီးရှိ မြို့ကြီးများ ဖြစ်သော ချန်ဒူး၊ ချုံကင်း သို့မဟုတ် ရှန်ဟိုင်း တစ်မြို့စီရှိ မြို့နေလူဦးရေထက် နည်းပါးပါသည်။ တိုင်ဝမ်၏ လူဦးရေကျဆင်းမှုသည် ယခုကာလသာမက နောင်အနာဂတ်အတွက်ပါ အကြီးအကျယ် သက်ရောက်မှုပေးမည့် တိုင်းရေးပြည်ရာ ဖြစ်လာပါလိမ့်မည်။

အနောက်တိုင်းမှ မျက်မှောက်ကမ္ဘာ့ရေးရာ သုံးသပ်သူများက တရုတ်နိုင်ငံ၏ လူဦးရေဆိုင်ရာပြဿနာကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံဖြင့် ဖော်ပြလေ့ရှိကြ၏။ ၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂလူဦးရေ အစီရင်ခံစာအရ တရုတ်ပြည်၏ လက်ရှိမွေးဖွားနှုန်း ၁ ဒသမ ၆၉ မှာ သူ့နိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေကို အလျင်အမြန် ကျုံ့လာစေသည်။ တိုင်ဝမ်၏ မွေးဖွားနှုန်းမှာ ၁ ဒသမ၁၅ သာဖြစ်၍ သူ၏ လူဦးရေပြဿနာမှာ ပိုဆိုးပါသည်။

ဤအနေအထားမှ အနာဂတ်ကို မျှော်ကြည့်သော် ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ တိုင်ဝမ်၏ သက်ကြီးမှီခိုမှုအချိုးသည် လာမည့်ရာစုနှစ်လယ်၌ ၈၀ သို့ ရောက်ရှိသွားလိမ့်မည်။ အဓိပ္ပာယ်မှာ အလုပ်လုပ်သူ လူ ၁၀၀ သည် သက်ကြီးမှီခိုသူ ၈၀ ကို ထောက်ပ့ံနေရတော့ မည်ဟူ၏။ ဤအချိုးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွက် ခန့်မှန်းထားသော မှီခိုမှုအချိုး၏ နှစ်ဆဖြစ်ပါသည်။

အမှန်တကယ်၌ တိုင်ဝမ်သည် ပြည်မကြီးထက် တစ်ဦးကျဝင်ငွေ မြင့်မားသော်လည်း ယခုခန့်မှန်းချက်အရ လူဦးရေဆိုင်ရာ ဝန်ထုပ်ဝန်ပိုးက အမှန်ပင် တုန်လှုပ်ဖွယ်ဖြစ်၏။ တိုင်ဝမ်၏ လက်ရှိဂျီဒီပီအရ တစ်ဦးကျဝင် ငွေမှာ အမေရိကန်ဒေါ်လာ ၃၃ç၄၀၂ ဒေါ်လာဖြစ်၍ တရုတ်ပြည်ပျမ်းမျှနှုန်းထားထက် မြင့်မားကာ တရုတ်ပြည်ရှိ အဆင့်မြင့်နည်းပညာမြို့တော် ရှန်ဇန်းရှိ တစ်ဦးကျဝင်ငွေနှင့် ညီတူရှိနေသည်။ တိုင်ပေရှိ အိမ်တစ်လုံး တန်ဖိုးမှာ ပျမ်းမျှလုပ်ခ၏ ၃၁ ဆရှိပြီး တရုတ်ပြည်အနောက်ပိုင်း နည်းပညာရပ်ဝန်းရှိ အိမ်တန်ဖိုးမှာ ဝင်ငွေ၏ အဆ ၂၀ သာ ရှိပါသည်။

မည်သို့ဆိုစေ တိုင်ဝမ်ကို စစ်ပြုမည်ဆိုလျှင် လာမည့် နှစ်ပေါင်းများစွာတိုင်အောင် အန္တရာယ်များသော စွန့်စားမှုကို ပြုရာရောက်ပါသည်။ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးလုပ်ခဲ့ဖူးသူ ဂျွန်ဘော်လ်တန် ထောက်ပြခဲ့သည်မှာ ၀ါရှင်တန်မှတပ်များ တိုင်ဝမ်ကျွန်းပေါ် အခြေချတပ်စွဲခဲ့လျှင် သို့မဟုတ် တိုင်ဝမ်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သော ခြေလှမ်းတစ်ခုခု ကျွံခဲ့လျှင် တရုတ်က ထိုကျွန်းကို အမိအရ သိမ်းပိုက်ပါလိမ့်မည်။

ထို့သို့ဖြစ်ခဲ့သော် အကျိုးဆက်အနေနှင့် ပစိဖိတ်စစ်ဒေသ စစ်ဦးစီးချုပ် ဂျွန်စတက်ဗ် ရစ်ဒစ်နှင့် အဲလိယော့ အော့ကာမင်တို့ ပူးတွဲရေးသားခဲ့သော ၂၀၃၄ ဝတ္ထုအတိုင်း တရုတ်နှင့် အမေရိကန်မြို့ကြီးများ အပြန်အလှန်ချေ မှုန်းကြရင်း နျူကလီယားဒဏ်သင့်ကာ အရှုံးကြီးရှုံးကြပါလိမ့်မည်။

တရုတ်ထံတွင် အမြောက်ရာချီ၍ တပ်ဆင်ထားသော သင်္ဘောများ၊ ဂြိုဟ်တုထိန်းချုပ်စနစ်နှင့် ပစ်ခွင်းနိုင်သော ဒုံးကျည်များ စုစည်းပြီးဖြစ်သည်။ ထိုအထဲတွင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို နျူကလီးယားထိပ်ဖူးများ တပ်ဆင်ပစ်ခတ်နိုင်သော အသံထက်မြန်သည့် ဟိုက်ပါဆောနစ်များ မပါဝင်သေးပါ။ ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်း လက်နက်ကျွမ်း ကျင်သူတစ်ဦးက ပင်တဂွန်သို့ပေးပို့ခဲ့သော အကြံပေးစာတမ်းအရ တရုတ်တို့၏ ဒုံးလက် နက်DF-21D သည် မည်သည့်အမေရိကန် စစ်သင်္ဘောကိုမဆို နှစ်မြှုပ်ပစ်နိုင်စွမ်းရှိသည်ဟု ဖော်ပြခဲ့ပါသည်။

အမေရိကန်သည် တိုင်ဝမ်ကို လူသိရှင်ကြား ဝင်ရောက်ကူညီသည် သို့မဟုတ် အမေရိကန်တပ်များ တိုင်ဝမ်ကျွန်းပေါ် တပ်စွဲကြပြီဟု တွက်ကြည့်ကြပါစို့။ တရုတ်သည် ရေတပ်အင်အား ၃၀၀၀၀ နှင့် လက် နက်အပြည့်အစုံ တပ်ဆင်ထားသော ကမ်းတက်ကြည်းတပ်ရင်းအင်အား  ၆၀၀၀၀ ကို ချက်ချင်းစေလွှတ် ပါလိမ့်မည်။ တစ်ချိန်တည်းတွင် တိုင်ဝမ်ပိုင်ဆိုင်သော ခေတ်ကုန်နေသည့် စစ်လေယာဉ်နှင့် ရဟတ်ယာဉ်များ၊ ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ် တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းသွားပါလိမ့်မည်။

ထိုအခါ အမေရိကန်ကလည်း တရုတ်တပ်ဖွဲ့များကို လေယာဉ်ပစ်အမြောက်များနှင့် ပစ်ခတ်ပါလိမ့်မည်။ တန်ပြန်အနေနှင့် တရုတ်က DF-21D ဒုံးကျည်များ ဒါဇင်လိုက် မိုးရွာသလို ကြဲချရင်း အမေရိကန်သင်္ဘော များကို ဖျက်ဆီးပစ်လိုက်မည်။ ထို့နောက်တွင်တော့ အမေရိကန်နှင့် တရုတ်မြို့ကြီးများ အပြန်အလှန် ဗုံးဒဏ်သင့်ကြပါလိမ့်မည်။ အဆုံးသတ် ကောက်ချက်ချရသော် တရုတ်တို့၏ ကမ်းခြေရေပိုင်နက်အတွင်း စစ်ပွဲတစ်ပွဲ စတင်ဖို့အရေး အမေရိကန်တို့ မတွေးလိုက်ပါနှင့်ဟု ပြောလိုပါသည်။

ဂျွန်ဘော်လ်တန်၊ ဂယ်ရီရှမစ်နှင့် မိုက်ကယ်မက်ဇာ၊ ဒန်ဘလူမင်သယ်တို့၏ ပူပူနွေးနွေးအကြံပေး စာတမ်းများကို ဖတ်ရှုပြီးသည့်အခါ စစ်တိုက်ရန် မည်သူတို့အိပ်မက်မက်နေသည်ကို ရေးရေးမြင်လာပါသည်။ သူတို့သည် အီရတ်နှင့် အာဖဂန်နစ္စတန်၌ တိုင်းပြည်တည်ဆောက်ပေးရန်ဟု အကြောင်းပြကာ အမေရိကန်ဒေါ်လာ ငါးထရီလျံကျော် ဖြုန်းပစ်ခဲ့သူများနှင့် အသွေးတူအမွေးတူများ ဖြစ်ကြပါသည်။ အမေရိကန်အတွက် အမှန်တကယ် လိုအပ်နေသော တရုတ်၏ ဟိုက်ပါဆောနစ် ဒုံးကျည်စနစ်အား ကာကွယ်နိုင်ရေးကို ရင်းနှီး မြှုပ်နှံမည့်အစား တစ်လွဲဆံပင်ကောင်းနေသူများဟု ဆိုရပါမည်။

မိမိထံမှ ခွဲထွက်သွားသော မည်သည့် ဒေသန္တရနယ်မြေကိုမဆို အဆင်အသွေး မတူတော့သည့်တိုင် ပြန်လည်ထိန်းသိမ်းလိုသည်မှာ မှန်ကန်တိကျသော အုပ်ချုပ်ရေး စနစ်အတွက် မျှော်လင့်ထိုက်သည့်အရာ တစ်ခု ဖြစ်ပါသည်။ ဖြစ်ပျက်ခဲ့သည့် တရုတ်ပြည်တွင်းစစ်ကို ပြောင်းပြန်ထားပြီး ကြည့်ကြပါစို့။ ချန်ကေရှိတ်နှင့် အမျိုးသားရေးဝါဒီများ ပေကျင်းကို သိမ်းပိုက်ပြီး ကွန်မြူနစ်များ တိုင်ဝမ်တွင် ရှိခဲ့လျှင်လည်း၊ ပြည်မကြီး၏ ဆန္ဒ အမှန်မှာ ပြန်လည်ပေါင်းစည်းရေးသာ ဖြစ်နေပါလိမ့်မည်။

ဤနေရာတွင် အကြောင်းဆိုက်၍ တင်ပြလိုသည်မှာ ‘သုံးပြည်ထောင်အချစ်ဇာတ် လမ်း’ (Romance of the Three Khingdom) တွင် ဇာတ်ဝင်တေးအဖြစ် အသုံးပြုခဲ့သော ၁၄ ရာစုနှစ် တရုတ်လင်္ကာတစ်ပိုဒ် ဖြစ်ပါသည်။

‘နှစ်ရှည်လများ ကွဲကွာခဲ့ရ အင်ပါရာ

ပြန်လည်ပေါင်းစည်းမှာ။

နီးတကျက်ကျက်ဖြစ်တဲ့အခါ

တစ်ဖန်ကွဲလို့ကွာ။

ဒါဟာမလွဲ ဖြစ်မြဲဓမ္မတာ’ ဟု ဖွဲ့ဆိုပါသည်။

၁၈၃၉ ခုနှစ် ပထမဘိန်းစစ်စဖြစ်ချိန်မှ ကွန်မြူနစ်တို့ အာဏာရခဲ့သော ၁၉၄၇ ခုနှစ်အထိ တရုတ်ပြည်ကြီးမှာ စစ်ဘုရင်များ၊ တောခိုသူပုန်များနှင့် ပြည်ပကျူးကျော်မှုတို့ကြောင့် အစိတ်စိတ်အမွှာမွှာကွဲခဲ့ရပြီး ဖြစ်ပါ၏။ ထို အကွဲအပြဲအတွင်း သေဆုံးခဲ့ရရှာသော တိုင်းသူပြည်သားများမှာ ဒုတိယကမ္ဘာစစ်ကြောင့် သေဆုံးသူများ အရေအတွက်၏ နှစ်ဆမှ သုံးဆအထိ ရှိခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုအပျက်မျိုး နောက်ထပ်လုံးဝအဖြစ်ခံမည်မဟုတ်ပါ။ တစ်တိုင်းပြည်လုံး စစ်မီးမပွားစေရန်အလို့ငှာ တိုင်ဝမ်ကို လိုအပ်လျှင် ကန့်သတ်စစ်သုံးပါလိမ့်မည်။

အကယ်၍ အမေရိကန်ရော တရုတ်ကပါ တိုင်ဝမ်အရေးကို အကြောင်းပြု၍ သူတို့နိုင်ငံသားများ၏ အသက် သန်းဆယ်ချီပြီး အသီးသီးဆုံးရှုံးခံခဲ့လျှင် အနာဂတ်သမိုင်း ပညာရှင်တို့က ‘ကားလ်မာ့က်စ်၏ အကြီးကျယ် ဆုံးသမိုင်းဖြစ်ရပ်များသည် ကံဆိုးမိုးမှောင်ကျခြင်းနှင့် နိဒါန်းပျိုးကာ ဟာသနှင့် နိဂုံးချုပ်သွားလေ၏’ ဟု မှတ်တမ်းတင်ကြပါလိမ့်မည်။

ဟင်နရီကစ်ဆင်ဂျား၊ ဂရေဟမ်အယ်လစ်ဆင်နှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ အခြားပညာရှင်များက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ယနေ့ဖြစ်တည်လာသော တရုတ်-အမေရိကန် တင်းမာမှုမျိုးသည် ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်မဖြစ်မီ ဥရောပအခြေအနေနှင့် အလားသဏ္ဌာန်တူ လာနိုင်ကြောင်း တင်ကြိုသတိပေးခဲ့ကြသည်။

ပထမကမ္ဘာစစ်ကို ယမ်းပုံမီးကျစေခဲ့သော စစ်ပွဲအရင်းခံမှာ လူဦးရေတိုးနှုန်း တရိပ်ရိပ်တက်လာသည့် ဆာဗီးယားက လုပ်ကွက်အနေနှင့် လယ်မြေများကို လောဘတကြီး လိုချင်လာခဲ့သောအချက်ဖြစ်ခဲ့၏။ ထို့ ကြောင့် ဆာ့ဗ်တို့အနေနှင့် မြေကြီးအတွက် တိုက်ယူခဲ့ကြသည်။ သို့သော် ယခုတိုင်ဝမ်ကို တိုက်လျှင် ရည်ရွယ်ချက်တို့သည် သူ့လူဦးရေ ပမာတဖြည်းဖြည်း လျော့ပါးသွားမည်သာ ဖြစ်သဖြင့်၊ တင်ခဲ့ဖူးသမျှသမိုင်းမှတ်တမ်း၌ အသေးကွေးဆုံးရလဒ်အတွက် အကြီးမားဆုံး ပေးဆပ်ရသည့်စစ်ပွဲဟု တွင်ရစ်ပါလိမ့်မည်။

သေချာသည်ကတော့ ဒီမိုကရေစီတိုင်ဝမ်ကို ညီနောင်သားချင်းပမာ ကူညီလိုဇောအားကြီးနေသော အဆိုပြုချက်များအရ ကျွန်းပေါ်တွင် အမေရိကန်တပ်စွဲရန် သို့မဟုတ် တရုတ်တို့ ကျူးကျော်မလာစေရေးအတွက် တိုင်ဝမ်ရေလက်ကြား၌ မိုင်းခင်းရန် သို့မဟုတ် ကုလသမဂ္ဂ၌ လွတ်လပ်၍ အချုပ်အခြာပိုင်သော နိုင်ငံတစ်ခုအဖြစ် တစ်နေရာပေးရန် စသည့်စိတ်ကူးများသည် လေဖမ်းဝါးရမ်းချည်သလို ဖြစ်နေပါသည်။

ပကတိတည်ရှိနေမှုများအရ တိုင်ဝမ်၌ ခမ်းနားကြီးကျယ်သော ဒီမိုကရေစီဆန်သည့် အနာဂတ်မရှိပါ။ အခြား မျှော်မြင်စရာ အနာဂတ်ကဏ္ဍဟူ၍လည်း ကြီးကြီးမားမားမရှိပါ။ အမေရိကန် နိုင်ငံခြားရေးမူဝါဒ ဂုရုကြီးများ ဖြစ်သော ကစ်ဆင်ဂျားနှင့် အယ်လစ်ဆင်တို့ ထောက်ပြခဲ့သလို တရုတ်အင်အား ကြီးမားလာသည့်အတွက် စစ်သွေးကြွနေခြင်းသာ ဖြစ်ပါသည်။ တချို့သော အမေရိကန် မျက်စိကြီးနားကြီး ပုဂ္ဂိုလ်များကတော့ အမေရိကန်ထက် စစ်ရေး၊ စီးပွားရေး သာလွန်သွားမည့် တရုတ်ပြည်အစား၊ နှစ်နိုင်ငံလုံးကို စစ်ပွဲအတွင်းသို့ တွန်းပို့ရန် အားသန်နေကြပြန်သည်။

စစ်တိုက်ရန် လက်ယားနေသော အမေရိကန် စစ်လိုလားသူတို့အုပ်စုမှာ အဆိုးမြင် စိတ်ဓာတ်များ အမြစ်တွယ်နေကြပါပြီ။ ၁၉၁၄ ခုနှစ်က ပြင်သစ်များ ကမ္ဘာစစ်အတွင်း ဝင်ခဲ့ကြစဉ်က သူတို့အနေနှင့် ဒီတစ်ချီသာ မတိုက်လျှင် ဤအခွင့်အလမ်းမျိုး နောက်တစ်ချီမပေါ်တော့ဟု ယုံမှတ်ခဲ့ကြ၏။ ထိုအချိန်က ဂျာမနီသည် ပြင်သစ်ကို လူဦးရေအရရော၊ စက်မှုစွမ်းပကားပါ ကျော်တက်နေချိန်ဖြစ်သဖြင့် နောင်တွင် ပို၍လိုက်မမီဖြစ်မည်ဟု တွက်ချက်ခဲ့ကြသည်။ ဇာတ်ပေါင်းရသော် ၁၉၁၄ ခုနှစ်က သေနတ်တပြင်ပြင်လုပ် စစ် ခင်းခဲ့ကြသော ပြင်သစ်ရှေးရိုးစွဲ စစ်ဝါဒီကြီးများမှာ နောင်နှစ်အစိတ်အကြာ ၁၉၄၀ ပြည့်နှစ်၌ သီတင်းပတ် ခြောက်ပတ်အတွင်း ဂျာမန်တို့ထံ လက်နက်ချအည့ံခံခဲ့ကြပါ၏။

အမေရိကန်အနေနှင့် တိုင်ဝမ်ကို စွန့်ခွာခြင်းဖြင့် အကျိုးယုတ်ရန် လမ်းမမြင်ပါ။ တရုတ်ကို ချောင်ပိတ်၍ မဖြစ်မနေ ရွေးချယ်ရန် လမ်းဘောင်ကျဉ်းအောင် ပြုလုပ်ခြင်းမှ တစ်ပါး၊ တရုတ်အနေနှင့်လည်း တိုင်ဝမ်ကို ရုတ်တရက်ကျူးကျော်သိမ်းပိုက်ဖို့ရာ အကြောင်းမရှိပါ။

အမေရိကန်အနေနှင့် တရုတ်ပြည်မကြီး ကမ်းခြေမှ မိုင် ၈၀ ကျော်သာ ဝေးသောအရပ်၌ သမားရိုးကျစစ်ပွဲကို နိုင်အောင်မတိုက်နိုင်ပါ။ သို့သော် တရုတ်အနေနှင့် တိုင်ဝမ်ကို နင်လားငါလား စစ်ခင်းလာရလျှင် ပြင်းထန်သော စစ်အင်အားသုံးစွဲရုံမျှမက၊ ကုန်သွယ်ရေး သပိတ်မှောက်ခြင်းကဲ့သို့ ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲများ တသီတတန်းကြီး အမေရိကန်ကို ပေးပါလိမ့်မည်။ အမေရိကန် ပြည်ထောင်စု၏ သွင်းကုန် ၂၇ ရာခိုင်နှုန်းမှာ တ ရုတ်ထွက်ကုန်များ ဖြစ်နေပြီး အမေရိကန်တို့၏  နေ့စဉ်လူနေမှုဘဝမှာလည်း တရုတ် စစ်တပ်ကိုဒဏ်ခတ်သည့်အနေနှင့် သူတို့ထုတ်လုပ်သော စမတ်ဖုန်းနှင့် ကွန်ပျူတာများ မသုံးစွဲဘဲ မနေနိုင်သည့်ဘဝ ဖြစ်ပါ၏။

Most Read

Most Recent