ရုပ်ရှင်ရိုက်ကွင်းတွင် အက်လစ်ဘော်ဒွင် ကိုင်သည့် သေနတ်မှ ကျည်ထွက်သွားမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရုပ်ရှင်ရိုက်ကွင်းတွင် အက်လစ်ဘော်ဒွင် ကိုင်သည့် သေနတ်မှ ကျည်ထွက်သွားမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ
Photo: AP
Photo: AP
Published 22 October 2021

အောက်တိုဘာ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်ရှိ ရုပ်ရှင်ရိုက်ကွင်းတွင် အမေရိကန်ရုပ်ရှင်မင်းသားကြီး အက်လစ်ဘော်ဒွင်ကိုင်သည့် ဇာတ်ဝင်ခန်းသုံးသေနတ်မှ ကျည်ထွက်သွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

နယူးမက္ကဆီကိုပြည်နယ် ရဲတပ်ဖွဲ့အဆိုအရ Rust ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ် ကျည်ထွက်သွားခြင်း ဖြစ်သည်။အဆိုပါဇာတ်ကားကို နိုဝင်ဘာအကုန်တွင် အပြီးရိုက်ရန် စီစဉ်ထားခဲ့ကြသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၄၂ နှစ်အရွယ် ရိုက်ကူးရေးပညာရှင် ညွှန်ကြားသူဖြစ်ပြီး ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်သော်လည်း အသက်မရှင်ခဲ့ပေ။ ဒဏ်ရာရသွားသည့် နောက်တစ်ဦးက ဇာတ်ကားရိုက်ကူးသူ အသက် ၄၈ နှစ်အရွယ် ရုပ်ရှင်ဒါရိုက်တာ Joel Souza ဖြစ်သည်။ ထွက်သွားသည့် ကျည်အမျိုးအစားနှင့် မည်သို့ထွက်သွားသည်ကို စုံထောက်များက စစ်ဆေးနေကြပြီ ဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာက နာမည်ကြီး ရုပ်ရှင်ရိုက်ကွင်းတစ်ခုဖြစ်သည့် Bonanza Creek Ranch တွင်ဖြစ်သည်။ မစ္စတာဘော်ဒွင်သည် သူ့သဘောဆန္ဒအလျောက်ဖြစ်စဉ်ကို စုံထောက်များအား လာရောက်ပြောဆိုသွားသည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူအမျိုးသမီး၏ ပါဆင်နယ်ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သူမသည် ယူကရိန်းနိုင်ငံတွင်မွေးဖွားခဲ့ပြီး ဆိုဗီယက်စစ်အခြေစိုက်စခန်းတစ်ခုတွင် ကြီးပြင်းလာသူ ဖြစ်သည်။ သတင်းပညာကို ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်တွင် သင်ယူထားပြီး ရုပ်ရှင်ရိုက်ကူးရေးပညာကို အမေရိကန် လော့စ်အိန်ဂျလိစ်တွင် သင်ယူထားသည်။

၂၀၁၉ ခုနှစ်တွင် American Cinematographer မဂ္ဂဇင်းက သူမကို အလားအလာရှိကြယ်တစ်ပွင့်ဟု ဖော်ပြခဲ့သည်။ ၂၀၂၀ အက်ရှင်ရုပ်ရှင်ဇာတ်ကား Archenemy တွင်လည်း သူမက ရိုက်ကူးရေးပညာရှင် ညွှန်ကြားသူနေရာမှ တာဝန်ယူခဲ့သည်။

မစ္စတာဘော်ဒွင်သည် Rust ဇာတ်ကားပူးတွဲ ထုတ်လုပ်သူလည်းဖြစ်ပြီး မတော်တဆ လူသတ်မှုကျူးလွန်ခဲ့သူ ၁၃ နှစ်အရွယ် မြေးဖြစ်သူနှင့်အတူ ဝရမ်းပြေးဖြစ်ရပုံကို ဇာတ်အိမ်တည်ဆောက်ထားသည်။

မစ္စတာဘော်ဒွင်တို့ ညီအစ်ကိုလေးဦးစလုံးသည် ရုပ်ရှင်မင်းသားများဖြစ်ပြီး အကြီးဆုံးဖြစ်သည့် မစ္စတာဘော်ဒွင်သည် ၁၉၈၀ ပြည့်နှစ်များမှ စတင်ကာ ရုပ်သံဇာတ်လမ်းများ ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Saturday Night Live အစီအစဉ်တွင် ဒေါ်နယ်ထရန့်နေရာမှ သရုပ်ဆောင်ခဲ့မှုသည် မစ္စတာဘော်ဒွင်ကို ချီးကျူးခံရစေရုံသာမက တတိယအကြိမ်မြောက် Primetime အမ်မီဆု ဆွတ်ခူးစေခဲ့သည်။

Most Read

Most Recent