Actor K ကောလာဟလကြောင့် Hometown Cha Cha Cha သရုပ်ဆောင်များက အင်တာဗျူးများကို ရွှေ့ဆိုင်း

Actor K ကောလာဟလကြောင့် Hometown Cha Cha Cha သရုပ်ဆောင်များက အင်တာဗျူးများကို ရွှေ့ဆိုင်း
Photo: tvN
Photo: tvN
Published 19 October 2021
Ref: tvN

တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Hometown Cha Cha Cha မှ ခေါင်းဆောင် မင်းသမီး Shin Min Ah သည် Kim Seon Ho နှင့်ပတ်သက်သည့် ကောလာဟလများကြောင့် လတ်တလော ပြုလုပ်ရန်ရှိသည့် အင်တာဗျူးကို ရွှေ့ဆိုင်းလိုက်သည်။

tvN မှ Hometown Cha Cha Cha ဒရာမာဇာတ်လမ်းတွဲပြသမှု ပြီးဆုံးခြင်းအထိမ်းအမှတ် အောက်တိုဘာ ၁၉ ရက်တွင် ဗီဒီယိုအင်တာဗျူးတစ်ခုပြုလုပ်ရန် Shin Min Ah က လက်ခံထားခြင်းဖြစ်သည်။ သို့သော်ကုမ္ပဏီအတွင်းပိုင်း အခြေအနေများကြောင့် ထိုအင်တာဗျူးကို ရွှေ့ဆိုင်းလိုက်ကြောင်း၊ နေ့ရက်သစ်ကိုဆုံးဖြတ်ပြီးသည်နှင့် ပရိသတ်များကိုအသိပေးသွားမည်ဖြစ်ကြောင်း သူမ၏အေဂျင်စီက ထုတ်ပြန်ထားသည်။ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို အေဂျင်စီကမထုတ်ပြန်သော်လည်း တွဲဖက်မင်းသား Kim Seon Ho ၏ ကောလာဟလများနှင့်ဆိုင်မည်ဟု အများစုက ထင်ကြေးပေးကြသည်။

အလားတူ Hometown Cha Cha Cha မှမင်းသားများဖြစ်ကြသည့် Kim Seon Ho နှင့် Lee Sang Yi တို့နှစ်ဦးကလည်း ၎င်းတို့၏အင်တာဗျူးများကို ဖျက်သိမ်းထားသည်။ ထိုသို့မဖျက်သိမ်းပါက ကောလာဟလ ထွက်နေသည့် Kim Seon Ho က အောက်တိုဘာ ၂၀ ရက်တွင် အင်တာဗျူး ပြုလုပ်မည်ဖြစ်ပြီး Lee Sang Yi က အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

သို့သော် Actor K ဆိုသူနှင့် ရည်းစားဟောင်းတို့ ကောလာဟလများ အွန်လိုင်းတွင် ပျံ့နေသည့်အတွက် Hometown Cha Cha Cha နှင့် သက်ဆိုင်သည့် အင်တာဗျူးများလည်း လောလောဆယ် ရွှေ့ဆိုင်းထားရန်သာ ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် အင်တာနက် သုံးစွဲသူတစ်ဦးက Actor K ဆိုသည့် နာမည်ကြီးမင်းသားတစ်ဦးက သူမကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့သည်ဟု သတင်းလွှင့်ခဲ့သည်။ထိုမင်းသားက Kim Seon Ho ဟု ထင်ကြေးပေးမှုများ ရှိလာသည့်အတွက် သတင်းမှာ ပိုကြီးလာတော့သည်။ သတင်းလွှင့်သည့် မိန်းကလေးက ထိုမင်းသား၏ အချက်အလက်အချို့ကို ပြောပြထားသည့်အတွက် Kim Seon Ho ဟု ထင်နေကြခြင်းလည်းဖြစ်သည်။

Actor K သည် မျက်နှာနှစ်မျိုးရှိပြီး အမှန်က အရှက်မဲ့သူ၊ လတ်တလောနာမည်ကြီးနေသူ၊ ရုပ်သံရှိုးတစ်ခုတွင် အော်ငေါက်သဖြင့် ဝေဖန်ခံခဲ့ရသူ၊ ထိုလုပ်ရပ်ကသာ ၎င်း၏မျက်နှာအမှန်ဖြစ်ပြီး ပရိသတ်များ ထင်နေသလိုမဟုတ်ဘဲ သူသည်အပြင်တွင် အကြင်နာမဲ့အေးစက်သူ၊ စီနီယာလုပ်ဖော်ကိုင်ဖက် ဒါရိုက်တာနှင့် သူ့နားရှိသူ အလုပ်တွဲလုပ်သူများအကြောင်းကို နောက်ကွယ်၌ မကောင်းပြောတတ်သူဟု မိန်းကလေးက ဆိုထားသည်။

Actor K ကို Kim Seon Ho အဖြစ် ပရိသတ်၏ ထင်မြင်မှုများမြင့်တက်လာချိန် အမေရိကန်ပီဇာကုမ္ပဏီ Domino’s Pizza က Kim Seon Ho ပါဝင်ထားသည့် ကြော်ငြာကို ဖြုတ်ချလိုက်သည်။ ကောလာဟလများ မှန်မမှန်လည်း အများစုက စိတ်ဝင်စားနေကြပြီး Kim Seon Ho ၏ အမာခံပရိသတ်များကလည်း ထိုသို့မဟုတ်မမှန် စွပ်စွဲနေမှုများကို တရားဥပဒေဖြင့် ဖြေရှင်းမည်ဟု ခြိမ်းခြောက်ထားကြသည်။

အောက်တိုဘာ ၁၉ ရက်တွင်မူ Kim Seon Ho ၏ အေဂျင်စီ Salt Entertainment က ဖြေရှင်းချက်တစ်ခု ထုတ်ပြန်လိုက်သည်။ထုတ်ပြန်ချက်ထဲတွင် ကောလာဟလများနှင့် ပတ်သက်ပြီး ချက်ချင်းဖြေရှင်း မပေးနိုင်သည့်အတွက် တောင်းပန်ကြောင်း၊ ရည်းစားဟောင်းဆိုသူ၏ စွပ်စွဲချက်များကို အေဂျင်စီက စစ်ဆေးနေပါကြောင်း၊ ဖြစ်စဉ်အမှန်ကို အတည်မပြုရသေးသဖြင့် ပရိသတ်များဘက်က အနည်းငယ် ထပ်စောင့်ပေးရန် အလေးအနက် မေတ္တာရပ်ခံပါကြောင်း ဆိုထားသည်။

Most Read

Most Recent