Adele ၏ 30 အမည်ရှိ တေးအယ်လ်ဘမ်သစ် နိုဝင်ဘာ ၁၉ တွင် ထွက်ရှိမည်

Adele ၏ 30 အမည်ရှိ တေးအယ်လ်ဘမ်သစ် နိုဝင်ဘာ ၁၉ တွင် ထွက်ရှိမည်
Published 17 October 2021

၎င်း၏ နောက်ဆုံးတေး အယ်လ်ဘမ် ထွက်ရှိခဲ့ပြီးနောက် ခြောက်နှစ်အကြာ၌ Adele က 30 အမည်ရှိ တေးအယ်လ်ဘမ်သစ်မှာ နိုဝင်ဘာ ၁၉ ရက်တွင် ထွက်ရှိလာလိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းတေးအယ်လ်ဘမ်တွင် ပါဝင်သည့် Easy On Me တေးသီချင်းမှာမူ အောက်တိုဘာ ၁၅ ရက်တွင် ထွက်ရှိလာခဲ့သည်။

၂၀၁၉ ခုနှစ်က ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခဲ့သည့် ဗြိတိန်အဆိုတော် Adele က ကမောက်ကမ အခြေအနေများနှင့် စိတ်ရှုပ်ထွေးမှုဝဲ ဂယက်အတွင်း ရောက်ရှိခဲ့ပြီးနောက် လက်ရှိအချိန်တွင် ပိုမိုနေသာထိုင်သာ ရှိလာခဲ့ပြီဖြစ်ကြောင်း Instagram တွင် ရေးသားခဲ့သည်။

“နောက်ဆုံးတော့ ဒီအယ်လ်ဘမ်ထွက်ရှိလာဖို့ ကျွန်မအဆင်သင့် ဖြစ်နေပါပြီ” ဟု ၎င်းက ရေးသားခဲ့သည်။

Rolling in the Deep နှင့် Hello ကဲ့သို့ တစ်ဟုန်ထိုးလူကြိုက်များအောင်မြင်ခဲ့သည့် တေးသီချင်းများနှင့်အတူ Adele ၏ ယခင်ထွက်ရှိလာခဲ့သည့် အယ်လ်ဘမ်နှစ်ခုလုံးသည် တေးဂီတသမိုင်းတွင် အကြီးမားဆုံးအဖြစ် အရောင်းရဆုံးထိပ်ဆုံး ၅၀ စာရင်းတွင် ရပ်တည်နိုင်ခဲ့သည်။

Adele ၏ 21 အမည်ရှိ တေးအယ်လ်ဘမ်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ခန့်မှန်းခြေအားဖြင့် အချပ်ရေပေါင်း ၃၁ သန်း ရောင်းချနိုင်ခဲ့သည်။၂၀၁၅ ခုနှစ်က ထွက်ရှိလာသည့် 25 အမည်ရှိ တေးအယ်လ်ဘမ်မှာ အချပ်ရေပေါင်း ၂၂ သန်း ရောင်းချနိုင်ခဲ့သည်။

Adele က ဂီတလောကနှင့် ခြောက်နှစ်ကြာ ဝေးကွာလျှက်ရှိကာ ၎င်း၏ခံစားမှုရသအခြေအနေမှာလည်း တစ်လနှင့်တစ်လ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

Vogue နှင့် မကြာသေးမီက ပြုလုပ်သည့် အင်တာဗျူး၌ Adele က “Hello လိုမျိုး သီချင်းတွေ မပါပါဘူး။ဒါပေမဲ့ အဲ့လိုမျိုးနောက်ထပ် သီချင်းတွေလည်း ကျွန်မမလိုချင်တော့ပါဘူး။ ဒီသီချင်းကကျွန်မကို နောက်ထပ်ကျော်ကြားမှု အဆင့်တစ်ခုရောက်အောင် ပို့ဆောင်ခဲ့ပြီးပါပြီ။ ကျွန်မနောက်ထပ် ဒါမျိုးမဖန်တီးချင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် Adele နှင့် ခင်ပွန်းဟောင်း Simon Konecki တို့တွင် အသက် ၉ နှစ်အရွယ် သားတစ်ယောက်ရှိသည်။

Most Read

Most Recent