၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံကျော်သာ ဝင်ရောက်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံကျော်သာ ဝင်ရောက်
နိုင်ငံတကာမှ လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
နိုင်ငံတကာမှ လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 8 October 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံကျော်သာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၉ ဒသမ ၉၈၈ သန်း၊မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၉ ဒသမ ၆၉၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ၂၈၆ ဒသမ ၀၂၃ သန်း၊စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်း၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၅၀၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၈၁ သန်း၊အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာရှစ်သန်း၊ Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၂၈ ဒသမ ၂၁၀ သန်းနှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၁၀၃ ဒသမ ၆၅၆ သန်းဖြင့် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့်ပြုပေးခဲ့သည်။

အခြားတစ်ဖက်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်းခွင့်ပြုပေးခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ စတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရရှိရန် လျာထားသော်လည်း COVID-19 ကပ်ရောဂါကြောင့် ယင်းလျာထားချက်များကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန်ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက် ရှိသည်။

Most Read

Most Recent