ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့်ရှိကြောင်း သိရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့်ရှိကြောင်း သိရ
Published 5 October 2021

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဦးဆောင်သော တပ်ပေါင်းစုအဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်မှစ၍ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း လှုပ်ရှားသွားလာလျက်ရှိသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့အား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဦးဆောင်သော တပ်ပေါင်းစုအဖွဲ့က အင်အားအလုံးအရင်းဖြင့် လိုက်လံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ ကုန်းပေါင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS လက်နက်ကိုင်အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်သည့် Tai Freedom သတင်းဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း SSPP ဦးဆောင်သည့် တပ်ပေါင်းစုအဖွဲ့က ကုန်းပေါင်းကျေးရွာဘက်သို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ရာ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခန့်တွင် ကျေးရွာတွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အသက်ခြောက်နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သားလေးဦး ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူသုံးဦးကို မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းပေါင်းကျေးရွာနှင့် ကုန်းလှိုင်းကျေးရွာမှ ရာနှင့်ချီသည့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ပန်ကေတုကျေးရွာအုပ်စု ကုန်းလှိုင်းကျေးရွာ စာသင်ကျောင်း၊ စျေးနှင့်နားနေကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံနေသည့် ဟိုခဲကျေးရွာအုပ်စု ဒေသခံများကလည်း ကုန်းလှိုင်းကျေးရွာဒေသခံများနှင့်အတူ မိုင်းကိုင်မြို့နှင့် ပန်ကေတုကျေးရွာဘက်သို့ ထပ်မံတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဦးဆောင်သည့် တပ်ပေါင်းစုအဖွဲ့က မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း လှုပ်ရှားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့အား အဆက်မပြတ် ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကာ မိုင်းကိုင်ဒေသခံ ၃၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဖြစ်သည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုနှင့် ပန်ကေတုကျေးရွာအုပ်စုတွင် အောက်တိုဘာ ၅ ရက်အထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent