KNU ၏ မူဝါဒသဘောထား ရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များ လုပ်ဆောင်လာသည့်အတွက် NUG နှင့် PDF အဖွဲ့ထံ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ အသိပေးစာ ထွက်ပေါ်

KNU ၏ မူဝါဒသဘောထား ရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များ လုပ်ဆောင်လာသည့်အတွက် NUG နှင့် PDF အဖွဲ့ထံ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ အသိပေးစာ ထွက်ပေါ်
Published 5 October 2021

KNU ၏ မူဝါဒသဘောထား ရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များ လုပ်ဆောင်လာသည့်အတွက် NUG နှင့် PDF အဖွဲ့ထံ ကရင်အမျိုးသားအစည်းရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၏ အသိပေးစာ တစ်စောင်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ထွက်ပေါ်လာသည်။

အဆိုပါ အသိပေးစာမှာ အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ယင်းအသိပေးစာထဲတွင် ယခုလက်ရှိကာလ၌ လူကြီးမင်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် KNU လှုပ်ရှားရာ ဒေသအတွင်း၌ KNU ၏ မူဝါဒ သဘောထားရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ထင်ရာမြင်ရာ လုပ်ဆောင်လာနေသည်ကို တွေ့မြင်နေရကြောင်း ပါရှိသည်။

ထို့ပြင် ဤသို့ အကြမ်းဖက် ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေကြောင်း၊ ကျွနု်ပ်တို့အနေဖြင့် KNU ဒေသအတွင်း မည်သည့်အဖွဲ့အစည်းမှ KNU ၏ မူဝါဒသဘောထားနှင့် ဆန့်ကျင်သော အကြမ်းဖက်လှုပ်ရှား ဆောင်ရွက်ခြင်းများကို မပြုလုပ်ရန် အသိပေး အကြောင်းကြားကြောင်း ဖော်ပြထားသည်။

အလားတူ ပဒိုစောရွှေမောင်းက အောက်တိုဘာ ၄ ရက်တွင် NCA စာချုပ် ချုပ်ဆိုခြင်း ခြောက်နှစ်ပြည့်အကြို တိုက်တွန်း နှိုးဆော်ချက် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် စာတစ်စောင်လည်း ထွက်ပေါ်လာပြီး ယင်းစာတွင် NCA သည် ယနေ့အထိ မပျက်မယွင်း တည်ရှိနေသေးကြောင်း၊ မည်သည့် အဖွဲ့အစည်းမှ NCA စာချုပ်ကို ပယ်ဖျက်ခြင်း မပြုသေးကြောင်း ရေးသားထားသည််။

အဆိုပါ တိုက်တွန်းနှိုးဆော်ချက်စာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်သည် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော် ၊ မြန်မာအစိုးရတို့၏ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့ကြသည့် ခြောက်နှစ် ပြည့်မြောက်သော နေ့ရက်ဖြစ်ကြောင်း၊  ဖယ်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှသာလျှင် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမည်ဟု ယုံကြည်ကြသည်ဖြစ်၍ NCA လက်မှတ် ရေးထိုးခဲ့စဉ်အခါ၌ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ပါရှိသော ဖယ်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ကြမည်ဟု ကတိပြု လက်မှတ်ထိုးခဲ့ကြကြောင်း၊  နိုင်ငံတကာမှလည်း အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် NCA သည် ယနေ့အထိ မပျက်မယွင်း တည်ရှိနေသေးပြီး မည်သည့်အဖွဲ့အစည်းမျှ NCA စာချုပ်ကို ပယ်ဖျက်ခြင်း မပြုသေးကြောင်း ရေးသားထားသည်။

ထို့ပြင် NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ်ဖက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သစ္စာရှိရှိ ကတိကဝတ် ပြုထားကြသည့်အတိုင်း တည်ကြည်စွာဖြင့် ရှေ့ဆက်ရပ်တည် ဆောင်ရွက်သွားကြပါရန် အထူးလိုအပ်ကြောင်း၊ ခြောက်နှစ်ပြည့်မည့် နှစ်ပတ်လည် အကြိုနေ့ရက်များမှစ၍ NCA ပါ လုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ကြရန် ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်များကို ကြိုတင် တိုက်တွန်းကြောင်း ပဒိုရွှေမောင်းက ရေးသားထားသည်။

စက်တင်ဘာ ၇ ရက်ကလည်း ကရင်အမျိုးသားအစည်းရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက NUG အနေဖြင့် အရေးပေါ် အခြေအနေ ကြေညာထားမှုကို ပြန်လည် ရုပ်သိမ်းပေးရန်နှင့် ကရင်ဒေသကို အခြေပြု၍ စစ်ရေးလှုပ်ရှားခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၇ ရက်တွင် NUG က ပြည်ထောင်စု တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေ ကြေညာကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ နေ့စွဲဖြင့်ပင် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာ တစ်စောင် ထွက်ပေါ်လာကာ အဆိုပါ မေတ္တာရပ်ခံစာတွင် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။

စက်တင်ဘာ ၇ ရက်တွင် NUG က ကြေညာခဲ့သည့် ကြေညာချက်စာသည် စစ်ကြေညာလိုက်သည့် အသွင်ဆောင်ခြင်းကြောင့် ၎င်းအနေဖြင့် လွန်စွာ ထိတ်လန့်စိုးရွံ့မိကြောင်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေ မောင်း၏ မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။

စစ်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ စားဝတ်နေရေး ဆင်းရဲကြရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရပြီး ဖြစ်သည့်အတွက် ထပ်မံ မကြုံတွေ့စေလိုတော့ကြောင်း၊ NUG အနေဖြင့် ၎င်း၏ ကြေညာချက်ကို မရုပ်သိမ်းနိုင်ခဲ့သည်ရှိသော် ကျွနု်ပ်တို့၏ အမိမြေကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးသည့် သဘောဆောင်နေကြောင်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာတွင် ပါရှိသည်။

ထို့ကြောင့် NUG အနေဖြင့် ၎င်းတို့၏ အရေးပေါ်ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းပေးရန်နှင့် ကရင်ပြည်နယ် ကို အခြေပြု၍ စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေး ရပ်တည်ချက်နှင့်အညီ နိုင်ငံရေး ပြဿနာရပ်ကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်းလည်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံထားသည်။

Most Read

Most Recent