စီရော်နယ်လ်ဒို၊ မက်ဆီတို့နှင့် နှိုင်းယှဉ်ပြီး အသင်း၏တိုက်စစ်မှူး ဆာလာကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ချီးကျူး

စီရော်နယ်လ်ဒို၊ မက်ဆီတို့နှင့် နှိုင်းယှဉ်ပြီး အသင်း၏တိုက်စစ်မှူး ဆာလာကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ချီးကျူး
Photo: AFP
Photo: AFP
Published 5 October 2021

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က အသင်း၏တိုက်စစ်မှူး ဆာလာအား စီရော်နယ်လ်ဒို၊ မက်ဆီတို့နှင့် နှိုင်းယှဉ်ကာ ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ကလော့ပ်က မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်၌ ဆာလာ သွင်းယူခဲ့သည့် ဂိုးအပေါ် ချီးကျူးခဲ့ရာတွင် ဆာလာသည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ကစားသမားတစ်ဦးဖြစ်သဖြင့် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

''ဆာလာ သွင်းယူခဲ့တဲ့ ဂိုးမျိုုးကို စီရော်နယ်လ်ဒို၊ မက်ဆီတို့သာ သွင်းခဲ့တယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးတွေမို့ ဒီလိုလုပ်နိုင်တာလို့ ပြောကြမယ်မဟုတ်လား။ ဆာလာကလည်း ကမ္ဘာ့အကောင်းဆုံးမို့ အခုလို လုပ်နိုင်ခဲ့တာပါ။ ဒီလို သွင်းဂိုးမျိုးတွေကို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကပဲ သွင်းနိုင်ပါတယ်။ ဒီလိုဂိုးမျိုးတွေကို ဆာလာ အခုမှ သွင်းနိုင်ခဲ့တာမဟုတ်ပါဘူး။ နာပိုလီ၊ စပါးတို့နဲ့ ကစားခဲ့တဲ့ပွဲတွေတုန်းကလည်း ဒီလို ဂိုးတွေသွင်းနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ့်ကမ္ဘာ့အကောင်းဆုံးအဆင့် သွင်းဂိုးတွေပါ။ မာနေသွင်းယူခဲ့တဲ့ အဖွင့်ဂိုးကိုလည်း သူ ဖန်တီးပေးခဲ့ပြီး ဒီဂိုးကလည်း  အလွန်ကောင်းတဲ့ ဂရိတ်ဂိုးတစ်ဂိုးပါပဲ''ဟု ဆိုခဲ့သည်။

လီဗာပူးလ်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည့် ဟန်ဒါဆန်ကလည်း ''တကယ့်ကို မယုံနိုင်စရာသွင်းဂိုးပါပဲ။ သူဟာ ပြိုင်ဘက်ကစားသမားတွေကို ဆက်တိုက်အနိုင်ယူပြီး သူ ဂိုးသွင်းနိုင်မယ့် နေရာကို ရောက်အောင်သွားခဲ့တယ်။ ပြီးတော့ အကောင်းဆုံးဂိုးတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ ကံမကောင်းစွာပဲ ဒီဂိုးက အနိုင်ဂိုးမဖြစ်ခဲ့ပါဘူး။ အနိုင်ဂိုးသာ ဖြစ်ခဲ့ရင် ပိုပြီးတန်ဖိုးရှိပါလိမ့်မယ်''ဟုဆိုခဲ့သည်။

Most Read

Most Recent