ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 2 October 2021

မန်ယူ - အဲဗာတန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ညနေ ၆:၀၀ နာရီ)

မန်ယူက ဒီရာသီမှာ ပုံစံကောင်းပြနေတဲ့ ဘင်နီတက်ဇ်ရဲ့အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံကစားရမယ်။ မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ ဘင်နီတက်ဇ်တို့ ရီးယဲလ်မှာ လက်တွဲခဲ့တုန်းက ဖြစ်ခဲ့တဲ့ပြဿနာတွေကလည်း ဒီပွဲကို ပိုပြီးစိတ်ဝင်စားစရာကောင်းစေမယ့် အချက်ဖြစ်တယ်။ မန်ယူက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိ်ဂ်ပွဲမှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ဖိအားတွေလည်း ရှိနေတဲ့အတွက် လမ်းကြောင်းမှန်ပေါ် အမြန်ပြန်တက်ချင်မှာဖြစ်ပြီး လမ်းကြောင်းမှန်ပေါ်ကို ရောက်ဖို့အတွက်လည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ အဲဗာတန်ကို မဖြစ်မနေအနိုင်ကစားဖို့ လိုတယ်။ ဒီနှစ်သင်း မန်ယူကွင်းမှာ နောက်ဆုံးတွေ့ခဲ့တုန်းကတော့ (၃)ဂိုးစီ သရေကျခဲ့ပြီး အခုဒီပွဲမှာတော့ အဲဗာတန်အတွက် အခွင့်အရေးနည်းမယ်လို့ ယူဆရတယ်။ ဒီပွဲက အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာလည်းဖြစ်လို့ မန်ယူအသင်းပဲ အနိုင်ရဖို့ အခွင့်အရေးများနေပြီး (၂-၁၊ ၃-၁)လောက် ဖြစ်လိမ့်မယ်ထင်တယ်။ 

ဘန်လေ - နောဝစ်ချ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၃၀ နာရီ)

လက်စတာလို အသင်းကောင်းတစ်သင်းကို (၂-၂)ဂိုးစီ သရေကစားခဲ့ပြီးတဲ့နောက် ဘန်လေက ဒီရာသီ ပထမဆုံးနိုင်ပွဲယူဖို့အတွက်လည်း မျှော်လင့်လာလိမ့်မယ်။ ဒီအချိန်မှာ နောဝစ်ချ်နဲ့ ရင်ဆိုင်ရတာလောက် ကောင်းတဲ့အခွင့်အရေးလည်း မရှိတော့ဘူး။ နောဝစ်ချ်က ဘန်လေထက်အခြေအနေဆိုးပြီး ပွဲတိုင်းရှုံးထားတဲ့အသင်းလည်းဖြစ်နေတယ်။ ဘန်လေ အနိုင်ရသွားပါလိမ့်မယ်။ 

ချယ်လ်ဆီး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၃၀ နာရီ)

မန်စီးတီးအသင်းကို ခက်ခက်ခဲခဲကစားခဲ့ပြီး ရှုံးခဲ့တဲ့နောက် ဒီပွဲမှာ ချယ်လ်ဆီး နိုင်ပွဲပြန်ယူဖို့ ကြိုးစားရပါလိမ့်မယ်။ ချယ်လ်ဆီးရဲ့ နောက်ပိုင်းပွဲစဉ်တွေက အသင်းကြီးတွေ မပါတော့ဘူး။ ဒီပွဲမှာသာ အနိုင်ယူခဲ့ရင် လက်ကျန်ပွဲတွေအတွက် အရှိန်ရသွားမယ်။ ကမောက်ကမဖြစ်ခဲ့ရင်တော့ အရမ်းခက်သွားနိုင်ပါတယ်။ ဆောက်သမ်တန်ကလည်း အသင်းကောင်းဖြစ်လို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ချယ်လ်ဆီး နိုင်မှာပါ။ 

လိဒ်စ် - ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၃၀ နာရီ)

ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားဟန်နဲ့ လိဒ်စ်အသင်းက ရလဒ်ပိုင်းမှာတော့ သူတို့အသင်းရဲ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအဖွင့်ရလဒ်တွေနဲ့ ကြုံတွေ့နေရတယ်။ ဒါပေမဲ့ နိုင်ပွဲတွေပြန်ရလာရင် လိဒ်စ်က အရှိန်နဲ့ပြန်တိုးတက်လာမယ်လို့ ယူဆရတယ်။ ဝက်ဖို့ဒ်ကလည်း မာကျောမှုကို ပြသနေပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ ပြဿနာရှိတယ်လို့ ထင်တယ်။ လိဒ်စ် နိုင်မယ်။ အပြန်အလှန်ဂိုးတွေသွင်းလိမ့်မယ်။ 

ဝုလ်ဗ် - နယူးကာဆယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၃၀ နာရီ)

ဝုလ်ဗ်ရဲ့ကစားဟန်က အပြစ်ပြောစရာ မရှိဘူး။ ခံစစ်လည်း ကောင်းတယ်။ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်ပုံလည်း ကောင်းတယ်။ အထင်ကြီးစရာအသင်းမျိုးဖြစ်တယ်။ ပြဿနာက တိုက်စစ်ပိုင်းပါ။ ဒါပေမဲ့ ဟီမင်နက်ဇ်က ပြီးခဲ့တဲ့တစ်ပတ်က ဂိုးစသွင်းခဲ့သလို၊ နောက်ပိုင်းလည်း အသင်းတိုက်စစ်ကို ပုံမှန်ဦးဆောင်တော့မှာဖြစ်ပြီး နိုင်ပွဲတွေ ပြန်ရနိုင်ပါတယ်။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။ 

ဘရိုက်တန် - အာဆင်နယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၁၁:၀၀ နာရီ)

အမြင့်ပျံလာတဲ့ အာဆင်နယ်အသင်းက သူတို့အသင်းရဲ့ နို်င်ပွဲဆက်စံချိန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ဒီရာသီ ဘရိုက်တန်ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း မယုံနိုင်စရာကောင်းလောက်အောင် တည်ငြိမ်ကောင်းမွန်နေပါတယ်။ အိမ်ကွင်း (၃)ပွဲဆက်နိုင်ပွဲကိုလည်း ဘရိုက်တန် မျှော်လင့်နေလိမ့်မယ်။ ခြေတက်နေတဲ့အသင်းနှစ်သင်းရဲ့ပွဲဖြစ်ပြီး သရေကျဖို့များတယ်။ 

Most Read

Most Recent