ထိုင်းဘတ်ငွေစျေး တက်သွားသည့်အတွက် ကော့သောင်းမြို့တွင် ထိုင်းပစ္စည်းများ ဝယ်ယူရာ၌ အခက်အခဲ တချို့ရှိပြီး ဘတ်ငွေလဲပေးသည့် ဆိုင်တချို့ ခေတ္တရပ်နားထား

ထိုင်းဘတ်ငွေစျေး တက်သွားသည့်အတွက် ကော့သောင်းမြို့တွင် ထိုင်းပစ္စည်းများ ဝယ်ယူရာ၌ အခက်အခဲ တချို့ရှိပြီး ဘတ်ငွေလဲပေးသည့် ဆိုင်တချို့ ခေတ္တရပ်နားထား
ကော့သောင်း ကမ်းနားလမ်းရှိ ဘတ်ငွေလဲပေးသည့် နေရာအား စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်
ကော့သောင်း ကမ်းနားလမ်းရှိ ဘတ်ငွေလဲပေးသည့် နေရာအား စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်
Published 30 September 2021
ဇော်မိုးဦး (မြိတ်)

ထိုင်းဘတ်ငွေစျေး တက်သွားသည့်အတွက် ကော့သောင်းမြို့တွင် ထိုင်းပစ္စည်းများ ဝယ်ယူရာ၌ အခက်အခဲတချို့ရှိပြီး ဘတ်ငွေလဲပေးသည့် ဆိုင်တချို့ ခေတ္တရပ်နားထားရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ငွေလဲနှုန်းများ ဆက်တိုက် တက်လာနေသည့်အတွက် မြန်မာ-ထိုင်း နယ်စပ်မြို့ ဖြစ်သော ကော့သောင်းမြို့ရှိ ကုန်သည်များ အခက်အခဲ ဖြစ်လာနေကြောင်း သိရသည်။ ကော့သောင်းမြို့မှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံ ရနှောင်းမြို့သို့ အဓိက တင်ပို့ပေးနေပြီး လူသုံးကုန်များ စားသောက်ကုန်များကို ပြန်လည် တင်သွင်းရကြောင်း၊ ထိုင်းကုန်စည်များ ဘတ်ငွေ အပြောင်းအလဲကြောင့် စျေးနှုန်းများစွာ တက်လာရာ မြန်မာငွေကျပ် သိန်းပေါင်းများစွာ ကွာဟသွားရကြောင်း သိရသည်။

“ထိုင်းဘတ်စျေးက စက်တင်ဘာ ၃၀ ရက်မှာ ၆၇ ကျပ် ရှိနေတယ်၊ ကော့သောင်းမှာ ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၆၇ ကျပ်ပေးပြီး လဲနေရတယ်။ စျေးကွက်သဘောအရ ဘတ်ငွေယူရင် ၆၇ ကျပ် ဘတ်ငွေ ပေးမယ်ရင် ၆၅ ကျပ် စျေးဖွင့်ထားတယ်။ ထိုင်းပစ္စည်းတွေ ဝယ်မယ်ဆိုရင်လည်း လောလောဆယ် ဝယ်မရတာက များနေတယ်။ မြန်မာငွေပေးပြီးဝယ်ရင် ရောင်းမယ့်သူ မရှိသလောက် ဖြစ်နေတယ်။ စျေးဆိုင်တွေကလည်း ဘတ်ငွေပဲ တောင်းနေကြတယ်။ ကော့သောင်း ကမ်းနားလမ်းမှာရှိတဲ့ ဘတ်ငွေလဲပေးတဲ့ ဆိုင်လေးတွေ တစ်ဝက်လောက် ပိတ်ထားကြတယ်”ဟု ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။

ထိုင်းကုန်ပစ္စည်း ရောင်းချသူများ အနေဖြင့်လည်း ဘတ်ငွေစျေး တက်လာမှုကြောင့် ကုန်စည်များ ဝယ်ယူရာတွင် ရင်းနှီးမြှုပ်နှံရသည့် ငွေကြေးက တက်လာနေသည့်အတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ထိုင်းကို ပစ္စည်းမှာယူရင်း ပြီးခဲ့တဲ့လက ပေးရမယ့် ငွေကြေးက အခုပြန်လွှဲပေးရမယ် ဆိုတဲ့အခါမှာ သိန်း နှစ်ဆယ်ကျော်လောက် ကွာသွားပြီး ဘတ်တစ်သိန်းအတွက် ပြီးခဲ့တဲ့လက မြန်မာငွေ ၄၈ သိန်းပဲ လွှဲရမယ့်ဟာကို အခုငွေလွှဲပေးဖို့ လုပ်တော့ ၆၇ သိန်း လွှဲရတော့မယ်၊ အတော်လေးကို အရှုံးပေါ်သွားပြီ။ ဒီမှာ ရောင်းလိုက်တဲ့ပစ္စည်းက ထိုင်းကို ကုန်စည်ပြန်မှာတိုင်း အရှုံးတွေ ပေါ်နေပြီ။ ရေရှည်မှာ မလွယ်တော့ဘူး” ဟု ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ နှင့် ကုန်သွယ်မှု ပြုလုပ်နေသူ တစ်ဦးက ပြောကြားသည်။

“ထိုင်းဘတ်စျေးက စက်တင်ဘာ ၃၀ ရက် နံနက်မှာ ၆၇ ကျပ် ရှိနေတယ်၊ ကော့သောင်းမှာ ထိုင်း တစ်ဘတ်ကို မြန်မာငွေ ၆၇ ကျပ် ပေးပြီး လဲနေရတယ်။ အခု မွန်းလွဲ ၃ နာရီမှာ ၅၉ ကျပ်ထိ ပြန်ကျသွားတယ်” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောကြားသည်။

ဒေါ်လာစျေးနှင့်အတူ ထိုင်းဘတ်ငွေများလည်း စျေးတက်လာနေရာ မြန်မာ-ထိုင်း နယ်စပ် တစ်လျှောက် ကုန်သွယ်မှု ဆောင်ရွက်နေသူများ အခက်အခဲ ဖြစ်လာနေသလို အရောင်းအဝယ် ပြုလုပ်နေသူများကလည်း ဘတ်ငွေကိုသာ အဓိက တောင်းခံလာနေကြောင်း သိရသည်။            

Most Read

Most Recent