မော်လမြိုင်မြို့နှင့် သထုံမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားပြီး သထုံမြို့နယ်အတွင်း ပေါက်ကွဲမှုတွင် လူတစ်ဦး ဒဏ်ရာရ

မော်လမြိုင်မြို့နှင့် သထုံမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားပြီး သထုံမြို့နယ်အတွင်း ပေါက်ကွဲမှုတွင် လူတစ်ဦး ဒဏ်ရာရ
Published 29 September 2021
ဘိုဘိုမြင့်

မော်လမြိုင်မြို့နှင့် သထုံမြို့နယ်အတွင်း စက်တင်ဘာ ၂၈ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သထုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတွင် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ဝန်းကျင်က မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ဗဟိုလမ်း ကျိုက်သုတ်စေတီတော်ကြီးအနီး လမ်းလယ်ကျွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူနှင့် ပျက်စီးမှုမရှိကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

“ပေါက်ကွဲသံက နီးနီးလေးဆိုတော့ အကျယ်ကြီးပဲ။ မြေကြီးပါတုန်တယ်။ အသံဗုံးလို့တော့ ထင်တယ်။ ဒီနေ့မနက် သွားကြည့်တော့ ထိခိုက်ပျက်စီးမှုတွေတော့ မတွေ့ရဘူး”ဟု မရမ်းကုန်းရပ်ကွက်နေသူ တစ်ဦးက ပြောကြားသည်။

အလားတူ စက်တင်ဘာ ၂၈ ရက် ည ၉ နာရီဝန်းကျင်ကလည်း မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုနှင့် ပျက်စီးမှု မရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် သထုံမြို့နယ် နောင်ကုလားကျေးရွာအုပ်စု နောင်ကုလားအလယ်ရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းဘေးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းနှင့် နောင်ကုလား ကျေးလက်ကျန်းမာရေးဌာနကြား ကွန်ကရစ်တံတားပေါ်တွင် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် ဖြတ်သန်းသွားသည့် နောင်ကုလားအလယ်ရွာနေ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ အသက်  ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး သထုံခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးခြင်းနှင့် ပိတ်ဆို့ရှာဖွေခြင်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြေကြားချက်အရ သိရသည်။

မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ၂၁ ရက်နှင့် ၂၃ ရက် ညပိုင်းက စျေးကြိုရပ်ကွက်ရှိ ကညနရုံးအနီးတွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent