လက်ရှိတွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကူးစက်ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း သိသိသာသာ လျော့ကျလာသည့်အတွက် မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးတချို့ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပေးရန် တင်ပြထားကြောင်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့များရှိ စျေးကော်မတီများက စျေးပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် တင်ပြလာမှု ရှိကြောင်း၊ အဆိုပါ တင်ပြချက်များအား ပြည်နယ်အစိုးရအဖွဲ့ရုံးသို ့တင်ပြပေးထားကြောင်းနှင့် ကျန်သည့်မြို့များအနေဖြင့် တင်ပြလာခြင်း မရှိသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။
“လောလောဆယ်မှာတော့ ပြည်ထောင်စုရဲ့ COVID ကော်မတီကနေ ဘာမှ မဖြေလျော့သေးတော့ ကျွန်တော်တို့အနေနဲ့ စျေးတွေ ပြန်ဖွင့်ပေးဖို့က နည်းနည်း ခက်နေတယ်။ ဒါပေမဲ့လည်း အဲ့ဒီ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့တွေမှာရှိတဲ့ စည်ပင်သာယာစျေးတွေက စျေးကော်မတီတွေက စျေးတွေ ပြန်ဖွင့်ပေးဖို့ တင်ပြလာတာတွေ ရှိတယ်။ ဒါကို ပြည်နယ်အစိုးရအဖွဲ့ရုံးထံ တင်ပြပေးထားတယ်။ သူတို့ ခွင့်ပြုမယ် ဆိုရင်တော့ ပြန်ဖွင့်ခွင့် ပေးသွားမှာပါ” ဟု ဦးတင်ကိုကိုက ပြောကြားသည်။
စျေးများ ပြန်ဖွင့်ခွင့်ရမည် ဆိုပါကလည်း စျေးသူစျေးသားများနှင့် စျေးဝယ်လာသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ယခင်ကတည်းက ထုတ်ပြန်ပေးထားပြီး ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆိုင်တစ်ဆိုင်တွင် လူအများကြီး မရှိစေဘဲ ဆိုင်ရှင် တစ်ဦး၊ အလုပ်သမား နှစ်ဦး စသည့်ပုံစံမျိုးဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။
“တလောတုန်းကတော့ ကျန်းမာရေးဌာနကနေပြီး COVID-19 ရှိ မရှိ လာစစ်သွားတာ ရှိတယ်။ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် လာယူပြီး စစ်ဆေးပေးသွားတာ ရှိတယ်။ လူပေါင်း ၂၅၀ ကျော်လောက်ကို စစ်သွားတာ Posituve တော့ မတွေ့ဘူး။ ကိုဗစ်နဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မော်လမြိုင်မှာဆိုရင် အခုရက်ပိုင်းမှာ ဖြစ်ပွားတဲ့ဦးရေက တော်တော် နည်းသွားသလို သေဆုံးသူ မရှိတာလည်း သုံး လေးရက် ဆက်တိုက် သေတဲ့သူတွေလည်း မရှိဘူး။ အခြေအနေက ကောင်းသလို ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ကလည်း စျေးပြန်ဖွင့်ခွင့် ရတော့မလားဆိုပြီး ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ တရားဝင်တော့ ဘာမှ အကြောင်း မကြားလာသေးဘူး” ဟု မော်လမြိုင်မြို့ အမှတ် (၁) စျေးကော်မတီဝင် ဦးစိုးက ဆိုသည်။
စျေးများ ပိတ်ထားရသည့်အတွက် အခက်အခဲများ ရှိကြောင်း၊ ဆိုင်ခန်းငှားပြီး ဖွင့်ထားသူများ အနေဖြင့် ပိုပြီး ဒုက္ခရောက်ရကြောင်း၊ ဆိုင်ခန်း ငှားရမ်းခနှင့် အလုပ်သမားခများ ပေးနေရသည့်အတွက် ဆိုင်ပိတ်ရက် ကြာလာသည်နှင့်အမျှ ဆိုင်ခန်းပိုင်ရှင်များထံကို တော်တော်များများ ဆိုင်ခန်း ပြန်အပ်သွားကြောင်း၊ စျေးထဲတွင်လည်း စျေးရောင်းချသည့် ဆိုင်ခန်းအတော်များများ လျော့ကုန်ကြောင်းနှင့် ဆိုင်အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ဖြစ်ကာ ကြုံသလို လုပ်ကိုင် စားသောက်နေရကြောင်း ဦးစိုးက ဆက်လက် ပြောကြားသည်။
မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ဆေးဝါး၊ အခြေခံစားသောက်ကုန်နှင့် နေ့စဉ်သုံး ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များကိုသာ ဖွင့်လှစ်ရန် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့သည့် ဇူလိုင် ၅ ရက်မှ စတင်ကာ ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း သိရသည်။















