၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြုလက်ခံကြောင်း EU နှင့် ပြင်သစ်သံရုံး ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြုလက်ခံကြောင်း EU နှင့် ပြင်သစ်သံရုံး ထုတ်ပြန်
Published 15 September 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကို  ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း ဥရောပသမဂ္ဂ EU နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့က  စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ တွင် ထုတ်ပြန်ခဲ့သည်။

 ဥရောပသမဂ္ဂ EU ၏ ထုတ်ပြန်ချက်တွင် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် EU အနေဖြင့် ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ကာကွယ်မြှင့်တင်ပေးမည်ဟု ပြတ်သားစွာ သံန္နိဋ္ဌာန်ချထားကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုစံချိန်သည် နှစ်ပေါင်းများစွာ နောက်ပြန် ဆုတ်ခဲ့ရကြောင်း  ဖော်ပြထားသည်။

ယင်းအချိန်ကတည်းကပင် EU သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံပြီး ဒီမိုကရေစီကို ချက်ချင်းပြန်လည်ပေးအပ်ရန် တောင်း ဆိုခဲ့ကြောင်း၊ EU သည် လွတ်လပ်မှု စံတန် ဖိုးများနှင့် လူ့အခွင့်အရေးအပေါ်အလေး ထားမှုတို့ကို ကာကွယ်စောင့်ရှောက်ပြီး ယင်း ရည်မှန်းချက်အား ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းမှန်သမျှကို ချိန်ရွယ်အသုံးပြုရန် ကြိုးပမ်းနေသူများနှင့်အတူ ခိုင်မာစွာရပ် တည်လျက်ရှိကြောင်း၊ ဒီမိုကရေစီသည် စိတ်ကူးအတွေးသက်သက်မဟုတ်ဘဲ နေရာဒေသမရွေးရှိ လူသားတိုင်းရရှိခံ စားနိုင်သော လက်တွေ့ဘဝ ဖြစ်လာရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံရုံးကလည်း မြန်မာနိုင်ငံ၌ ဒီမိုကရေစီ လုပ်ငန်းများ ပြန်လည်ထူထောင်ရေးကို တောင်းဆိုပြီး ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သော မြန် မာနိုင်ငံသားများ၏ ဆန္ဒမဲများအပေါ် ပြတ် ပြတ်သားသားရပ်တည်ကြောင်းကို စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် စက်တင်ဘာ ၁၅ ရက်သည် အပြည်ပြည်ဆိုင်ရာဒီမိုက ရေစီနေ့ဖြစ်ကြောင်း၊ ယင်းနေ့သည် လူထု၏ ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ် လပ်မှုမြှင့်တင်ရေး၊ လူသားနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ ၏ တန်ဖိုးများကို ပြင်သစ်နိုင်ငံက ထောက်ခံ ကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်း ပင်ဖြစ်သည် မြန်မာနိုင်ငံဆိုင်ရာ  ပြင်သစ် သံရုံး၏ စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပြန်လည်ထူထောင်ရေးကို တောင်းဆိုပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ထုတ် ဖော်ပြသခဲ့သော မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲများနှင့် ပြတ်ပြတ်သားသားရပ်တည် ကြောင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent