COVID-19 ကာလ မြဝတီနယ်စပ်မှ ပို့ကုန်မြင့်တက်လာသည့်အတွက် လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်း ကုန်သွယ်နိုင်ခဲ့

COVID-19 ကာလ မြဝတီနယ်စပ်မှ ပို့ကုန်မြင့်တက်လာသည့်အတွက် လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်း ကုန်သွယ်နိုင်ခဲ့
မြဝတီကုန်သွယ်ရေးဇုန် တစ်နေရာကို တွေ့ရစဉ်
မြဝတီကုန်သွယ်ရေးဇုန် တစ်နေရာကို တွေ့ရစဉ်
Published 14 September 2021
ကိုရွှေသိန်း (မြဝတီ)

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ COVID-19 ကာလ ဖြစ်သော်လည်း လယ်ယာထွက်ကုန် ပြောင်း ဆန်များ ထိုင်းနိုင်ငံဘက်သို့ တင်ပို့မှု မြင့်တက်လာသည့်အတွက် လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ သြဂုတ် ၂၀ ရက်အထိ အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်း ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ် ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀၈၅ ဒသမ ၉၆၃ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၅၆၈ ဒသမ ၆၇၇ သန်း ပိုမို ကုန်သွယ်ထားနိုင်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြဝတီနယ်စပ် ကုန်သည်လုပ်ငန်းရှင် တစ်ဦးက “ကိုဗစ်ကာလ ဖြစ်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ထိုင်းဘတ်ငွေစျေး မြင့်တက်လာတဲ့အတွက် သွင်းကုန်ရာခိုင်နှုန်း ပုံမှန်ထက်ကျတယ်။ ဒါပေမဲ့ ယခင်နှစ်ကထက်တော့ များတာပေါ့။ ပို့ကုန်ကတော့ မြန်မာ့ပြောင်းဆန် တင်ပို့မှု ယခင်နှစ်တွေထက် များပြားလာတဲ့အတွက် ပို့ကုန်ကတော့  မြင့်လာတယ်။ ယခင် ငါးရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်။ သွင်းကုန်ကတော့ ပြည်တွင်းမှာ ကိုဗစ်ကြောင့် ကုန်ပစ္စည်းဝယ်လိုအား လျော့ကျနေတဲ့အတွက် သွင်းကုန်ပမာဏမှာ ရာခိုင်နှုန်းအားဖြင့် လျော့နည်းသွားတာ ဖြစ်တယ်” ဟု ပြောကြားသည်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ကုန် ပြောင်း၊ ပဲ၊ ကြက်သွန်၊ ငရုတ်နှင့် CMP ချုပ်ထည်များ တင်ပို့မှုမှာ ၁၀ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၇၇၀ ဒသမ ၀၇၂ သန်းအထိ တင်ပို့နိုင်သည့်အတွက် ယခင်နှစ် ကာလတူက ကုန်သွယ်ခဲ့သည့် ၃၅၃ ဒသမ ၅၀၄ သန်းထက် ဒေါ်လာ ၄၁၆ ဒသမ ၅၆၈ သန်း ပိုမိုတင်ပို့ခဲ့သည်။

ထို့အတူ ပြည်တွင်းစျေးကွက်၌ ဝယ်လိုအား လျော့ကျနေသော ထိုင်းကုန်စည်များ တင်သွင်းမှုမှာ ရာခိုင်နှုန်းအားဖြင့် လျော့ကျနေသော်လည်း ၁၀ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၈၈၄ ဒသမ ၂၈၅  သန်းဖိုးအထိ တင်သွင်းထားသည့်အတွက် ယခင်နှစ် ကာလတူက တင်သွင်းခဲ့သည့် ဒေါ်လာ ၇၃၂ ဒသမ ၁၄၉ သန်းထက် ဒေါ်လာ ၁၅၂ ဒသမ ၁၀၉ သန်း ပိုမို တင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 အရေးပေါ်ကာလအဖြစ် ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်မှ စတင်၍ ချစ်ကြည်ရေး တံတားပေါ်မှ ခရီးသည်သွားလာမှုကို ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သည်များ ညှိနှိုင်းကာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုထား ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်  ၃၁ ရက်အထိသာ တင်ပို့ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်သည့် သြဂုတ် ၁ ရက်မှစကာ ပြောင်းဆန်တင်ပို့မှုကို ရပ်ဆိုင်းထားရကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့်အနေဖြင့် အခွန်နှုန်းများစွာ မြှင့်ထားခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိတော့ဘဲ ပြောင်းအမှုန့်ကြိတ်ကာ တင်ပို့နိုင်ရန် စီစဉ်နေကြကြောင်း သိရသည်။

မဟာမဲခေါင် ဒေသတစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေမည့် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး ကုန်သွယ်တံတားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဖွင့်လှစ်နိုင်ခဲ့သည့်အတွက်  ကုန်သွယ်မှု ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။  မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထုတ် ကုန်စည်များ မြန်မာနိုင်ငံ စျေးကွက်အတွင်းသို့  ၁၂ လရာသီမရွေး တင်သွင်းနေသလို မြဝတီကုန်သည်များအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်များ အချိန်ခါမရွေး တင်ပို့ခွင့်ရရှိရန် တောင်းဆိုမှုရှိခဲသော်လည်း ယခုအခါ မြန်မာပြောင်းဆန်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရပ်ဆိုင်းထားရပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ပထမပတ်ကတည်းက ထိုင်းဘတ်စျေး တစ်ရှိန်ထိုး မြင့်တက်လာသည့်အတွက် မြဝတီ နယ်စပ်ကုန်သည်အချို့ ကုန်သွယ်မှု ရပ်ဆိုင်းစောင့်ကြည့်လျက် ရှိသော်လည်း နေ့စဉ် ထိုင်းကုန်သွယ်ယာဉ် အစီး၂၀၀ ခန့် ဝင်ရောက်နေဆဲ ဖြစ်သည်။

Most Read

Most Recent