စွန့်စားခန်း ဟာသအန်နီမေးရှင်းဇာတ်ကား PAW Patrol: The Movie ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမှုမှ ဝင်ငွေဒေါ်လာ သန်း ၈၀ ကျော်ရရှိထား

စွန့်စားခန်း ဟာသအန်နီမေးရှင်းဇာတ်ကား PAW Patrol: The Movie ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမှုမှ ဝင်ငွေဒေါ်လာ သန်း ၈၀ ကျော်ရရှိထား
Published 8 September 2021

ကနေဒါ စွန့်စားခန်း၊ ဟာသအန်နီမေး ရှင်းဇာတ်ကား PAW Patrol: The Movie ကို သြဂုတ် ၂၀ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသမှုမှ ဝင်ငွေဒေါ်လာ သန်း ၈၀ ကျော် ရရှိထားကြောင်း သိရသည်။

PAW Patrol: The Movie အန်နီမေးရှင်းဇာတ်ကားသည် Keith Chapman ဖန်တီးထားသော PAW Patrol ရုပ်သံဇာတ်လမ်းတွဲကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။

ဒါရိုက်တာ Cal Brunker ရိုက်ကူးပုံဖော်ထားသော အဆိုပါအန်နီမေးရှင်းဇာတ်ကားကို Billy Frolick နှင့် Bpb Barlen တို့က ဇာတ်ညွှန်းရေးသားပေးထားကာ Paramount Picture က ဖြန့်ချိပေးထားသည်။

PAW Patrol: The Movie ဇာတ်ကားကို စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြောက်အမေရိက boxoffice ၌ ရုံတင်ပြသခဲ့ရာ၌ သုံးရက်အတွင်း ဝင်ငွေဒေါ်လာ ၄ သန်းကျော်ရရှိခဲ့ပြီး ကလေးများအကြိုက် ချစ်ဖွယ်အန်နီမေးရှင်း ဇာတ်ကောင်များကြောင့် ကြည့်ရှုသူအရေအတွက်များနေသော ဇာတ်ကားလည်းဖြစ်သည်။

PAW Patrol အဖွဲ့ခေါင်းဆောင် Ryder ဦးဆောင်လျက် ရဲခွေးကလေး Chase နှင့် Liberty တို့အပါအဝင် PAW Patrol အဖွဲ့ဝင်များသည် Adventure City မြို့တွင် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။

PAW Patrol အဖွဲ့ကို မကျေမနပ်ဖြစ်နေသည့် အဓိကပြိုင်ဖက် Humdinger သည် Adventure City အနီးဝန်းကျင်ရှိ မြို့၌ မြို့တော်ဝန်ဖြစ်လာခဲ့သည်။ ယခင်ကတည်းက PAW Patrol ကယ်ဆယ်ရေးအဖွဲ့ကို ပညာပြချင်ခဲ့သော Humdinger တစ်ယောက် မြို့တွင်း၌ ကသောင်းကနင်းဖြစ်ရပ်များ ဖြစ်ပွားလာစေရန် ဆောင်ရွက်လာခဲ့ရာ ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ စိန်ခေါ်မှုများကို PAW Patrol အဖွဲ့ဝင်များ အားသွန်ခွန် စိုက်ရင်ဆိုင်ဖြေရှင်းရတော့သည်။

ထိုသို့ ခက်ခဲသော ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရင်း PAW Patrol အဖွဲ့ဝင် ခွေးကလေးများ ပျောက်ဆုံးလာသောအခါ PAW Patrol အဖွဲ့သည် Liberty အမည်ရှိ မိတ်ဆွေသစ် ခွေးကလေး၏ အကူအညီကို ရယူခဲ့သည်။

ကိရိယာသစ်၊ စက်ပစ္စည်းသစ်များဖြင့် PAW Patrol အဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ငန်းကို မည်သို့ အတူတကွလုပ်ဆောင်ကြမည်၊ ပျောက်ဆုံးနေသော အဖွဲ့ဝင်များအား ရှာတွေ့နိုင်ကြမည်လား၊ မြို့တွင်းက သောင်းကနင်းဖြစ်စဉ်များနောက်ကွယ်၌ ကြိုးကိုင်နေသော မြို့တော်ဝန် Humdinger ကို PAW Patrol အဖွဲ့ဝင်များ ဖမ်းဆီးနိုင်ကြမည်လား ဆိုသည်ကို PAW Patrol: The Movie အန်နီမေးရှင်းဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။

ဒေါ်လာ ၂၆ သန်း အကုန်ကျခံ ဖန်တီးထားသော အဆိုပါအန်နီမေးရှင်းဇာတ်ကားတွင် Chase အန်နီမေးရှင်းဇာတ်ကောင်နေရာ၌ Lain Armitage ၊ Liberty ဇာတ်ကောင်နေရာ၌ Marsal Martin ၊ မြို့တော်ဝန် Humdinger ဇာတ်ကောင်နေရာ၌ Ron Pardo တို့က အသံနောက်ခံပြောကြားပေးထားကြသည်။

Most Read

Most Recent