လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ခြင်းနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းများ တည်ဆောက်ခြင်း စသည့် ကဏ္ဍများတွင် ရုရှားက ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေ

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ခြင်းနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းများ တည်ဆောက်ခြင်း စသည့် ကဏ္ဍများတွင် ရုရှားက ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေ
Published 6 September 2021

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌တွင် ပြုလုပ်သည့် ၆ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တွေ့ရစဉ်

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ခြင်းနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းများ တည်ဆောက်ခြင်း စသည့် ကဏ္ဍများတွင် ရုရှားက ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်သည့် ၆ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်အဖွဲ့ တက်ရောက်ခဲ့စဉ် ရုရှားကုမ္ပဏီများနှင့် တွေ့ဆုံစဉ် ယင်းကုမ္ပဏီများက ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံလိုသည့် ရုရှားကုမ္ပဏီများနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ယင်းကုမ္ပဏီများက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ရုရှားနိုင်ငံသို့ ဝယ်ယူတင်သွင်းခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနံတူးဖော် ထုတ်လုပ်သန့်စင်ခြင်း၊ ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်း တည်ဆောက်ခြင်း စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ Mr.Lvan Polyakov နှင့်အဖွဲ့အား သီးခြားတွေ့ဆုံ၍ စိုက်ပျိုးရေး အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်သုံးဆီ သိုလှောင်ကန်နှင့် အခြားအခြေခံ အဆောက်အအုံများ တည်ဆောက်ရေးကဏ္ဍ၊ ရော်ဘာ အခြေခံစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ၌ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးတက်စေရန် ပူးပေါင်း ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည် ဟု နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်း ကိုယ်တိုင်တက်ရောက်၍ ရုရှား အရှေ့ဖျားဒေသ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်စွမ်းအား တိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အထူးစီးပွားရေးဇုန်များ ထူထောင်ထား၍ အာရှနှင့် ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေးနည်းပညာ အသုံးပြု အဆင့်မြှင့်တင်၍ ကုန်စည်သင်္ဘောများ ချိတ်ဆက်သွားလာနိုင်မည့် ဆိပ်ကမ်းကြီးတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အာရှနှင့် ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်း ပင်လယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ဖိုရမ်သို့ ဂျပန်၊ ပြင်သစ်၊ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ အိန္ဒိယ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ ကိုယ်စားလှယ်များ၊ သံအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် မီဒီယာများ စုစုပေါင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ကုန်ပစ္စည်းများကို လက်ရှိတွင် တင်ပို့မှုများရှိနေပြီး ရုရှားသို့ ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုး စသည်တို့ကို တင်ပို့ထားပြီး နှစ်စဉ် ဒေါ်လာ သန်း ၆၀ ခန့်ရရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၉၄ သန်းခန့်ရှိပြီး ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ် အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

Most Read

Most Recent