နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများအား စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် စစ်ဆေးရန် ထပ်မံပြောင်းလဲချိန်းဆိုထား

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများအား စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် စစ်ဆေးရန် ထပ်မံပြောင်းလဲချိန်းဆိုထား
Published 6 September 2021
အောင်မင်းသိန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများအား စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် စစ်ဆေးရန် ပြောင်းလဲချိန်းဆိုထားကြောင်း ၎င်းတို့၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နေပြည်တော် ကောင်စီဝင်းအတွင်းရှိ သီးသန့် တရားရုံးတွင် ဇူလိုင် ၁၃ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်ပိုင်းတွင် အများပြည်သူ ရုံးပိတ်ရက်များကြောင့် ရုံးထုတ်စစ်ဆေးခဲ့ခြင်း မရှိဘဲ ရုံးချိန်းများကိုသာ ရွှေ့ဆိုင်း၍ ချိန်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

“ရုံးချိန်းက ၁၃၊ ၁၄ ရွှေ့လိုက်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

သြဂုတ် ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြေညာစာ အမှတ် ၂၅၅/၂၀၂၁ ဖြင့် COVID-19 ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက် ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နှင့် လူချင်းတွေ့ဆုံခွင့် ရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းသို့ တင်ပြတောင်းဆိုထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “ အဲဒါ ဘာမှမထူးသေးဘူး။ မထူးသေးဘူးဆိုတာ အချိန်ဆွဲမှာပါ၊ သူတို့က။ ဘယ်လိုခေါ်မလဲ အစောပိုင်းကတင်တာ နှစ်ယောက်တည်း တင်လို့ဆိုပြီး အမှန်တကယ်က ရှေ့နေ ဆရာဦးခင်မောင်ဇော်နဲ့ ကျွန်မနဲ့ နှစ်ယောက်တည်း တင်လိုက်တာ။ အဲဒီတင်တဲ့ဟာကို နှစ်ယောက်တည်း တင်လို့ဆိုပြီး ရှေ့နေအကုန်လုံး လက်မှတ်ထိုးပါတွေ ဘာတွေလုပ်တာ။ အဓိပ္ပာယ်မှ မရှိတာကို။ အကုန်လုံး လက်မှတ်ပြန်ထိုးပြီး တင်လိုက်တာ၊ ထပ်ပြီးတင်တာကို သပ်သပ်အချိန်ဆွဲတာ။ စက်တင်ဘာ ၃ ရက်က တင်ထားတာ။ ဘာမှ မထူးခြားသေးဘူး” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး ယင်းအမှုများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမည်ဟု ဇွန် ၇ ရက် ရုံးချိန်းတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် နေပြည်တော်တွင် တရားစွဲဆိုထားသည့်အတွက် တရားလိုနှင့် လိုပြသက်သေများအား စစ်ဆေးပြီးခဲ့ခြင်းကြောင့် အမှုအား စွဲချက် တင်သင့်၊ မတင့်သင့် ကို လာမည့်ရုံးချိန်တွင် လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent