တာမွေမြို့နယ်ရှိ Two Two Five ဟိုတယ်တွင် လောင်းကစားပြုလုပ်နေသူ ၄၀ ဦးအား လောင်းကစားပြုလုပ်သည့် ပစ္စည်းများ၊ ငွေကျပ် ၂၆၅ သိန်းကျော်နှင့် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
" သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီကျော်မှာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနဲ့ ဖိုးစိန်လမ်းထောင့်မှာရှိတဲ့ Two Two Five Hotel မှာ လောင်းကစားပြုလုပ်နေကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးတဲ့အခါမှာ ဟိုတယ်မန်နေဂျာနဲ့ လောင်းကစား ပြုလုပ်နေသူ ၄၀ ဦးကို လောင်းကစားပြုလုပ်နေတဲ့ ပစ္စည်းများ၊ လောင်းကြေးငွေစက္ကူရောရာ ၂၆၅ သိန်းကျော်နဲ့ ၎င်းတို့ကိုင်ဆောင်တဲ့ ဖုန်းတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သတင်းဖြစ်ပါတယ်”ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
တာမွေမြို့နယ်ရှိ Two Two Five Hotel တွင် ဖြစ်ပွားခဲ့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မေးမြန်းထားမှုကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။
“ဟိုတယ်ပိုင်ရှင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးရမိဖို့ ဆက်လက်လုပ်ဆောင်နေပြီး ဖမ်းမိတဲ့သူတွေကိုလည်း လောင်းကစားဥပဒေပုဒ်မ- ၁၆(က)/ ၁၇(က) တို့နဲ့ အမှုဖွင့် အရေးယူသွားမှာဖြစ်ပါတယ်”ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။















